Breaking

သမိုင်းဝင်ရွှေစာရံဘုရားပွဲတော် ၁၅ ရက်ကြာ ရက်တိုးမြှင့်ကျင်းပ

၂၀၂၄ ၊ မတ် ၂၀
    တပေါင်းလတွင် ကျင်းပသည့် ဘုရားပွဲတော်များတွင် ခရီးသွားပြည်သူများ တခုတ်တရ သွားရောက်ဖူးမြော်ကြသည့် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ရွှေစာရံစေတီတော်မြတ်ကြီး၏ (၇၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်အား ယခုနှစ်တွင် ၁၅ ရက်ကြာ ရက်တိုးမြှင့်ကျင်းပ လျက်ရှိကြောင်း ဂေါပကအဖွဲ့မှ ပြောသည်။
    ပွဲတော်အား နှစ်စဉ် တပေါင်းလ ပြည့်နေ့မှစကာ လပြည့်ကျော် ၈ ရက်ထိ ကျင်းပလေ့ရှိပြီး ယခုနှစ်တွင် တပေါင်းလ ဆန်း ၈ ရက်(မတ် ၁၇ရက်)မှ တပေါင်းလ ပြည့်ကျော် ၈ ရက်(ဧပြီ ၁ရက်)ထိ ၁၅ ရက်တိုင် ကျင်းပသွားမည်ဖြစ်သည်။
    "ဟိုးတုန်းကတော့ လပြည့်နေ့ကနေပြီး လပြည့်ကျော်ရှစ်ရက်ထိ ကျင်းပပါတယ်။ ဒီနှစ်မှာတော့ ဘုရားဖူးတွေရော၊ ဈေးသည်တွေပါ အစောကြီးကတည်းက လာရောက်ဖူးမြော် စည်ကားနေတာကြောင့် တပေါင်းလဆန်း ၈ ရက်ကနေပြီး လပြည့်ကျော် ၈ ရက်ထိ ၁၅ ရက်တိုင်တိုင် ကျင်းပ သွားမှာဖြစ်ပါတယ်"ဟု ဘုရားဂေါပက အဖွဲ့မှ ဥက္ကဋ္ဌ ဦးအောင်မင်းကပြောသည်။
    လောလောဆယ်တွင် ဈေးဆိုင် ခန်းများအနက်မှ ဆိုင်ခန်းပေါင်း ၅၀၀ ကျော်အားရောင်းချထား ပြီး ဒေသထွက် ထန်းရွက်ဖြင့် ပြုလုပ်သည့်ပစ္စည်းများ၊ မြန်မာ့ရိုးရာ အဝတ်အထည်နှင့် ဒေသထွက်အ စားအစာများ၊ ရိုးရာလက်မှုပစ္စည်းများ၊ ရှမ်းရိုးရာ အစားအစာ၊ အဝတ်အထည်နှင့် ရှမ်းရိုးရာလက်မှု ပစ္စည်းများအား အဓိကထား ရောင်းချမည်ဖြစ်ကာ ယခင်နှစ်များနည်းတူ မြန်မာဆိုင်ခန်း တစ်ခန်းလျှင် ကျပ် ၄၀၀၀၀၊ ရှမ်းဆိုင်ခန်း တစ်ခန်းလျှင် ကျပ် ၃၀၀၀၀ ဖြင့် ဈေးသည်များအား ရောင်းချပေးလျက် ရှိကြောင်း သိရသည်။
    ပွဲတော်ရက်အတွင်းနေ့စဉ် နံနက် ၅ နာရီခွဲတွင် ရွှေစာရံဘုရားအား စတင်ဖူး မြော်အပူဇော်ခံ မည်ဖြစ်ကာ ည ၈ နာရီခန့်တွင် ပိတ်သိမ်းသွားမည်ဖြစ်ပြီး ပျော်ပွဲရွှင်ပွဲအချို့ ထည့်သွင်းကျင်းပ မည်ဖြစ်သော်လည်း ဇာတ်ပွဲများ ထည့်သွင်းကျင်းပမည်မဟုတ်ဟု ဂေါပက ဥက္ကဋ္ဌကပြောသည်။

Total Views ~ 281

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43966

© 2022 - 2025 News. All Rights Reserved.