၂၀၂၄ ၊ ဧပြီ ၃၀
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် တည်ဆောက်ထားသည့် သုခဒဂုံပြည် သူ့အငှားအိမ်ရာ ဒုတိယအဆင့်တွင် မဲပေါက်ထားသူများ အိမ်လခပေးသွင်းခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းတို့ကို လာမည့် မေလအတွင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦး စီးဌာန(ရန်ကုန်)မှ သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂) လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ်လမ်းမကြီးလမ်းဆုံ အနီးတွင် အကောင်အထည်ဖော် တည်ဆောက်ထားသည့် သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက် အလုံး ၅၀ ၏ အခန်းပေါင်း ၈၀၀ အနက်တိုက် ၄၈ လုံး၏ အခန်းပေါင်း ၇၆၈ ခန်းအ တွက် မီတာများရရှိပြီးဖြစ်၍ အခန်းများတွင် လာမည့်မေလအတွင်း တပ်ဆင်သွားမည် ဖြစ်သည်။ လာမည့် မေလအတွင်း သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တွင် မဲပေါက်ထားသူများ အိမ်ငှားရမ်းခွင့်အတွက် အိမ်လခပေးသွင်းခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တိုက်အလိုက် ငွေပေးသွင်းရမည့်ရက်များကို ထပ်မံအသိပေးသွားမည်ဖြစ်သည်။
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် နေထိုင်မည့် ပြည်သူများကို ပထမအဆင့်အဖြစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက် က အခန်းပေါင်း ၄၅၀ အတွက် သော့ထုတ် ပေးခဲ့ပြီးဖြစ်ကြောင်း၊ တိုက်ခန်းများတွင် မီတာ ၂၈၈ လုံး တပ်ဆင်ပေးထားပြီးဖြစ်ကြောင်းနှင့် သော့ထုတ်ယူ ပြီးသူများအနက် တစ်ပတ်အတွင်း နေထိုင်ရန် တင်ပြသည့် အခန်း ၁၂၀ ကို ဒီဇင်ဘာ ၂ ရက်နှင့် ၃ ရက်တွင် အပြီးတပ်ဆင်ပေး ခဲ့ကြောင်းနှင့် ဒီဇင်ဘာ ၄ ရက်တွင် စတင်နေထိုင်နိုင်ခဲ့ကြောင်း သိရသည်။
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာစီမံကိန်းသည် အမှတ်(၂) လမ်းနှင့် အမှတ်(၇) မြို့ပတ်လမ်းဆုံ အနီးရှိ မြေဧရိယာ ၁၇၁ ဧကတွင် ဆောင်ရွက်လျက်ရှိပြီး ပထမအဆင့်အဖြစ် အဆောက်အအုံ ၁၉၄ လုံး၊ အခန်း ၃၁၀၄ ခန်းကို ဆောက်လုပ်လျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများ အသင်းချုပ်တို့မှ အဆောက်အအုံ ၉၇ လုံးစီ ခွဲဝေဆောက် လုပ်ခြင်းဖြစ်ကြောင်း သိရသည်။