သုညမိုင်တိုင်နှင့် ၁၁၅ မိုင် CCS2 Charger များ အသုံးပြုမရသည့် တိုင်ကြားမှုအပေါ်  စားသုံးသူရေးရာ ဖြေရှင်းပေးခဲ့ရ

၂၀၂၃ စက်တင်ဘာ ၆
    ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်ရှိ ဇီးရိုးမိုင်တိုင်နှင့် ၁၁၅ မိုင် CCS2 Charge များအသုံးပြုမရ သည့် တိုင်ကြားမှုအပေါ် စားသုံးသူရေးရာ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီးမှ တိုင်ကြားသူ နှစ်ဦးသည် ဇွန်လ ၃ ရက်တွင် ရန်ကုန်မှ နေပြည်တော်သို့ MG ZS EV 4S/2095  ကားဖြင့်လည်းကောင်း၊ ဇွန်လ ၄ ရက်တွင် ရန်ကုန်မှ မန္တလေးသို့ MG4 EV 4S/6388 ကားဖြင့်လည်းကောင်း အသီးသီးခရီးထွက်လာခဲ့ရာ လျှပ်စစ်ကားများဖြင့် ခရီးသွားရာတွင် အားသွင်းရန်အတွက် အဓိကမိုင်တိုင်များဖြစ်သည့် ဇီးရိုးမိုင်နှင့် ၁၁၅ မိုင်တို့ရှိ Charging Station များတွင် EV
ကားများဝင်ရောက်အားသွင်းရာ CCS2 Charger များမှာ အသုံးပြု၍မရဘဲ ချို့ယွင်းနေသည့်အတွက် အမြန်ဆုံးစစ်ဆေးပြင် ဆင်ပေးပါရန် Email မှတစ်ဆင့် ဇွန်လ ၂၇ ရက်တွင် တိုင်ကြားခဲ့ကြောင်း သိရသည်။
    တိုင်ကြားမှုနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)မှ ဥက္ကဋ္ဌ၊ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်၊ ထုတ်လုပ်မှု မြှင့်တင်ရေးလုပ်ငန်း ကော်မတီသို့၊ သက်ဆိုင်ရာ ကုမ္ပဏီများသို့ အမြန် ပြင်ဆင်ပေးနိုင်ရေး ညွှန်ကြားပေးနိုင်ပါရန် တင်ပြဆောင်ရွက်ခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများက ဇီးရိုးမိုင်ရှိ Charging Station  များအား မြေပြင်ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဇီးရိုးမိုင် Charging Stationရှိ CCS2 Char-ger များမှာ ဇွန်လဆန်းပိုင်းမှစ၍ အားသွင်းမှုစနစ် ချို့ယွင်းနေခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် အမြန်ပြန်လည် ပြင်ဆင်ပေးရန် Earth Renewable Energy Co.,Ltd သို့ ဆက်သွယ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
    ကုမ္ပဏီမှ စိစစ်ရာတွင် ဇီးရိုးမိုင်၊ ၁၁၅ မိုင်တို့ရှိ  Charger များတွင် MG ZS Model  တံဆိပ်ကားများမှာ အားသွင်းမှုမရသည့် Software စနစ်ချို့ယွင်းနေခဲ့ကြောင်း၊ တိုင်ကြားမှုဖြစ်ပွားခဲ့သည့် ကားများမှာလည်း MG ZS Model တံဆိပ်ကားများဖြစ်ကြောင်း တွေ့ရှိရသည့်အတွက် ချို့ယွင်းမှုဖြစ်ပေါ်နေသည့် ဇီးရိုးမိုင်၊ ၁၁၅ မိုင်နှင့် ၂၀၁ မိုင်ရှိ Charging Station  များတွင် တပ်ဆင်ထားသည့် Grasen Brand  60 KW CCS2 Chargers  များအား နိုင်ငံခြားသားပညာရှင်များနှင့် ဆက်သွယ်၍ EV Chargers  များ၏ Software များအား Upgrade ပြုလုပ်ပြီး ဖြစ်သောကြောင့် MG ZS Model တံဆိပ်ကားများ အားသွင်းနိုင်ပြီဖြစ်ကြောင်း အ ကြောင်းပြန်ခဲ့သည်။
    ထို့အပြင် တပ်ဆင်ထားသော Charger များထက် အဆင့်မြင့်အမျိုးအစား ဖြစ်သည့် Autel Digital Power Co., Ltd မှ ထုတ်လုပ်သည့် Autel Brand 60 KW CCS2 Dual Gun Chargers (2 Units) နှင့် Autel Brand 120 KW CCS2 Dual Gun Charger (1 Units) များကို အစားထိုးလဲလှယ်နိုင်ရေး ဆောင်ရွက်နေကြောင်း၊ အစားထိုးလဲလှယ် မည့် CCS2 Autel Chargers များအား တပ်ဆင်နိုင်ရန် မှာယူတင်သွင်းမှုဆောင်ရွက်နေ စဉ်ကာလအတွင်း ယခုအသုံးပြုနေသော CCS2 Chargers များနှင့် အားသွင်းမရသော ကားများရှိလာပါက အရေးပေါ် အားသွင်း ပေးနိုင်ရန် CCS2 11 KW AC Level 2 Chargers များကို ဇီးရိုးမိုင်၊ ၁၁၅ မိုင်နှင့် ၂၀၁ မိုင်တို့ရှိ Charging Station  များတွင် တပ်ဆင်ဆောင်ရွက်ပြီးဖြစ်ကြောင်း အကြောင်း ပြန်ကြားခဲ့သည်ဟု သိရသည်။
    စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများက တိုင်ကြားသူများသို့ ဆောင်ရွက်ထားရှိမှု အခြေအနေများကို အသိပေးရှင်းလင်း ပြန်ကြားခဲ့ပြီး တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Total Views ~ 184

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43789

© 2022 - 2025 News. All Rights Reserved.