Breaking

အကယ်ဒမီအတွက် ရွေးချယ်ထားသည့် ဆန်ခါတင် ရုပ်ရှင်ဇာတ်ကား ၁၂ ကားကို မကြာမီ ကြေညာသွားမည်

၂၀၂၄ ၊ ဇန်နဝါရီ ၁၆
    ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ် ရှင်အကယ်ဒမီ ထူးချွန်ဆုရဇာတ်ကား ဆန်ခါတင် ရွေးချယ်ထားသည့် ရုပ်ရှင်ဇာတ်ကား ၁၂ ကားကို မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲနီးမှသာ ကြေညာသွားမည်ဖြစ်ကြောင်း အကယ်ဒမီ ထူးချွန်ဆုရွေးချယ်ရေး စိစစ်အကဲဖြတ်အဖွဲ့ ဥက္ကဋ္ဌ ဒါရိုက်တာ အကယ်ဒမီ ဇော်မြင့်ဦးက ပြောကြားခဲ့သည်။
    အကယ်ဒမီ ထူးချွန်ဆုရွေးချယ်ရေး စိစစ်အကဲဖြတ်အဖွဲ့ဥက္ကဋ္ဌ ဒါရိုက်တာ အကယ်ဒမီဇော်မြင့်ဦးက  "ဆန်ခါတင် ၁၂ ကားကို အကဲဖြတ်အဖွဲ့နဲ့ နာယကကြီးက ပွဲကျင်းပခါနီး တစ်ပတ်၊ ၁၀ ရက်အလိုမှ ကြေညာပေးမယ်လို့ ပြောပါတယ်။ ဒီနှစ်မှာ အထူးဆု ပါမလားဆိုတာတော့ စာအိတ် ဖောက်ပြီးမှ သိရပါမယ်။ တချို့ဆုတွေလည်း အဆင့်အတန်းမမီလို့ မပေးပါဘူး။ ဒီနှစ်အတွက် သတ်မှတ်ထားတဲ့ အဆင့်အတန်းကို မမီလို့ မပေးတဲ့ဆုလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဆုက ၁ ဆုကနေ ၁၂ ဆုပေါ့။ အဲဒီမှာ ၁ ကနေ ၁၁ ဆုထိလည်းပြုတ်နိုင်တယ်။ တစ်ဆုတည်း ပေးရင်လည်း ပေးနိုင်တယ်။ ၁၂ ဆုလုံးလည်း ပေးနိုင်ပါတယ်။ ကျိန်းသေတော့ စာအိတ်ဖွင့်မဖောက်ရသေးတော့ မသိသေးပါဘူး}}ဟု ပြောကြားခဲ့သည်။
    ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို လာမည့် ဖေဖော်ဝါရီ ၃ ရက်တွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်ကြောင်း၊ အကယ်ဒမီရွေးချယ် မှုနှင့်ပတ်သက်၍လည်း ယခုလို ပြောကြားခဲ့ သည်။
    "အကယ်ဒမီမှာ ပရိသတ် ခန့်မှန်းပေးတဲ့ ဆုတွေရပါစေလို့ပဲ ပြောကြားချင်ပါတယ်။ စာအိတ်တွေ မဖောက်ရသေးတဲ့ အတွက် ဘယ်သူတွေ အမှတ်ပေးထားလဲဆိုတာ မသိရသေးပါဘူး။ အကယ်ဒမီ ဆန်ခါတင်ကားက ၁၂ ကားမှာ ကားအမျိုးအစား တွေလည်း စုံလင်တယ်။ ဟာသကားတွေ လည်းပါတယ်။ သရဲကားတွေလည်းပါတယ်။ အက်ရှင်နဲ့ မေတ္တာဖွဲ့တွေလည်း ပါပါတယ်။ ၁၂ ကားမှာ ဒုတိယအကြိမ် ကြည့်တာနဲ့ပဲ ဆုံးဖြတ်ရတာခက်နေလို့ တတိယအကြိမ် ကြည့်ပြီးတော့ ဆုံးဖြတ်ရပါတယ်။ စာအိတ်တွေကတော့ရောက်နေပါပြီ ရှေ့တစ်ပတ်ထဲမှာတော့ ဖွင့်ဖောက်ပြီးတော့ အတည်ပြု တော့မှာဖြစ်ပါတယ်။
    အကယ်ဒမီနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဘက်ကတော့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း မူဘောင်အတိုင်း ဆောင်ရွက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ လိပ်ပြာလုံပါတယ်။ နောက်တစ်ခုက ပရိသတ်အမြင်နဲ့ အကဲဖြတ်အမြင်က လွဲနိုင်ပါတယ်။ ဘာကြောင့် လွဲနိုင်တာ လဲဆိုတော့ ပရိသတ်က ၃၅ ကားလုံးကို မကြည့်နိုင်ပါဘူး။ သူတို့ကြိုက်တဲ့ သူတို့ မင်းသား၊ မင်းသမီးတွေရဲ့ Fan တွေက သူ့တို့ကြိုက်တဲ့ မင်းသား၊ မင်း သမီးရစေချင်တဲ့ဆန္ဒနဲ့ တင်ကြ၊ ရေးကြတာ တွေအများကြီး ရှိပါတယ်။ တကယ်လို့များ အဲ့ဒီဟာကို ပြောလာမယ်ဆိုရင် ၃၅ ကားလုံး ပြန်ပြပေးပါမယ်။ လာကြည့်ပါ။ သို့သော်လည်း ပြန်ပြသရမယ့် ကုန်ကျစရိတ်တွေကိုတော့ ကျခံပေးရပါမယ်။ ကျွန်တော်တို့ နာယကကြီးကလည်း ပြောထားပါတယ်"ဟု ပြောကြားခဲ့သည်။
    တိရစ္ဆာန်နဲ့ ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်း စံချိန်စံနှုန်းမူ ဘောင်ထဲမှာ တိရစ္ဆာန်ကို အကယ်ဒမီပေးဖို့ ဆိုတာ မပါပါဘူး။ အရင်ကလည်း ကြည့်ဖူးပါတယ်။ တော်တဲ့ တိရစ္ဆာန်လေးတွေအများ ကြီးရှိပါတယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်သုံးသပ် ချက်ပေါ့။ အကဲဖြတ်အဖွဲ့နဲ့ မဆိုင်ပါဘူး။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်သုံးသပ်ချက်တစ်ခုက တော့ တိရစ္ဆာန်က သရုပ်ဆောင်တာ မဟုတ် ပါဘူး။ သခင်ခိုင်းတဲ့အတိုင်း လုပ်တာပါ။ သူ့မှာ ခံစားချက်ဆိုတာ မရှိပါဘူး။ သခင်က ဒါလုပ်ဆိုလုပ်ပါတယ်။ ဒီလိုနေဆို ဒီလိုနေပါတယ်။ အဲဒီလို ပုံစံမျိုးရှိပါတယ်။ ခွေးတွေမှာ အဲဒီလိုမျိုး ခံစားချက်မရှိဘူးရယ်လို့ မပြောပါဘူး။ သို့သော်လည်း ခံစားချက်နဲ့ သရုပ် ဆောင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့က သရုပ်ဆောင်တာကို ဆုပေးတာပါ။ ခွေးသည် ခွေးလိမ္မာ ဖြစ်ပါလိမ့်မယ်။ ခွေးလိမ္မာ ဖြစ်တဲ့အတွက်ကြောင့်မို့ သခင်ခိုင်းတဲ့ အတိုင်းလုပ်ပါလိမ့်မယ်။ ခံစားချက်အတိုင်း သရုပ်ဆောင်တာမျိုး မဖြစ်နိုင်ပါဘူး။ ဒီအတွက် ကျွန်တော့်ရဲ့ ကိုယ်ပိုင်ခံစားချက်အရ ဆိုရင် ကျွန်တော်မပေးပါဘူး"ဟု အကယ်ဒမီ ထူးချွန်ဆုရွေးချယ်ရေး စိစစ်အကဲဖြတ် အဖွဲ့ဥက္ကဋ္ဌ ဒါရိုက်တာအကယ်ဒမီဇော်မြင့်ဦးက ဆက်လက်ပြောကြားခဲ့သည်။
    အကယ်ဒမီစာရင်းဝင် ရုပ်ရှင် ဇာတ်ကားများကို စိစစ်ရာတွင် အလွှာအသီး သီးမှ လူဦးရေ ၂၅ ဦးဖြင့် ဖွဲ့စည်းထားသည့် အကဲဖြတ်အဖွဲ့ဝင်များက စိစစ်အကဲဖြတ် လျက်ရှိကြောင်း၊ မကြာမီကာလ အတွင်း အကဲဖြတ်အဖွဲ့ဝင် အလွှာအသီးသီးကို ကြေညာပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ၂၀၂၃ အကယ်ဒမီ ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီ ရွှေကြိုမောင်မယ်များကို အမျိုး သား ၁၃ ဦးနှင့် အမျိုးသမီး ၁၃ ဦးတို့ကို ရွေးချယ်ထားပြီးဖြစ်ကြောင်း၊ ထို့အပြင် ယခု နှစ်၏ ထူးခြားမှုအနေဖြင့် အဆိုပါ ရွှေကြို မောင်မယ်များသည် ရုပ်ရှင်အနာဂတ်အတွက် သရုပ်ဆောင်များကို မွေးထုတ်ပေးရန် ရည်ရွယ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ သရုပ်ဆောင်များ ရွေးချယ်ရာတွင် ရွှေကြိုရွေးချယ် ရေးအဖွဲ့၊ ရုပ်ရှင်ထုတ်လုပ်ရေး၊ ရုပ်သံလိုင်းအဖွဲ့များမှ ပူးပေါင်း၍ သရုပ်ဆောင် ၄၃ ဦးကို ရွေးချယ်ထား ကြောင်း သိရသည်။

Total Views ~ 285

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43961

© 2022 - 2025 News. All Rights Reserved.