Breaking

အကြမ်းဖက်ခြင်း၊ ချောင်းမြောင်းလုပ်ကြံခြင်း စသည့် လူ့သမိုင်း၏ အညစ်အကြေးများကို ဆေးကြောသုတ်သင်သင့်ပြီဟု သီတဂူဆရာတော် မိန့်ကြား

၂၀၂၄ ၊ ဇန်နဝါရီ ၁
    "ဗြဟ္မစရိယတရား လေးပါးတို့၏ အစွမ်းသတ္တိဖြင့် လူသားတို့၏ နှလုံးသားကို ခြိမ်းခြောက်နေသောဆူပူခြင်း၊ သောင်းကျန်းခြင်း၊ အကြမ်းဖက်ခြင်း၊ ချောင်းမြောင်းလုပ် ကြံခြင်းတည်းဟူသော လူ့သမိုင်း၏ အညစ်အကြေးများကို ဆေးကြောသုတ်သင်ဖို့ ကောင်းပါပြီနှင့် နောက်ခံအတွေးအခေါ် အယူအဆ မတူမျှကြသော်လည်း တူမျှသည့် ဘုံလမ်းကြောင်းတစ်ခုကို တည်ဆောက်ကြ ၍ ငြိမ်းငြိမ်းချမ်းချမ်း၊ ချစ်ချစ်ခင်ခင်၊ ညီညီ ညွတ်ညွတ် လက်တွဲလျှောက်လှမ်းကြဖို့ ကောင်းလှပါပြီ"ဟု နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ သီတဂူဆရာတော် အရှင်ဉာဏိဿရက မိန်ကြားလိုက်သည်။
    ၂၀၂၄ ခုနှစ် နှစ်သစ်ကူးမိန့်ကြားချက်တွင် သီတဂူဆရာတော်က "လူမျိုးရေး စိတ်ဓာတ်၊ ဘာသာရေးစိတ်ဓာတ်၊ နိုင်ငံရေး စိတ်ဓာတ်၊ တစ်ဖက်သတ်ထားရှိခြင်း၊ (အတ္တနှင့်အတ္တနိယ)ကြောင့် ကရုဏာတရားကင်းမဲ့စွာ သတ်ဖြတ်၊ တိုက်ခိုက်၊ နှိပ်စက်ကြသော လူမျိုးရေးစစ်ပွဲ၊ ဘာသာရေးစစ်ပွဲ၊ နိုင်ငံရေး စစ်ပွဲများ ကမ္ဘာ့သမိုင်း၌ မေ့ပျောက်မရနိုင်လောက်အောင် ဖြစ်ခဲ့ဖူးကြပြီ။ အမုန်းတွေ၊ ကျည်ဆန်တွေ မိုးကဲ့သို့ရွာချ လူသားပေါင်း များစွာတို့ အသက်ဆုံးရှုံးခဲ့ကြသည်မှာ ကျဉ်းမြောင်းသော၊ အစွန်းရောက်သော Racial, National, Political and Religious Brotherhood Spirit များကြောင့် ဖြစ်ခဲ့ရသည်များကို ကမ္ဘာ့သမိုင်းများက အထင်အရှား မှတ်တမ်းတင်ထားခဲ့ကြပြီးဖြစ်သည်။
    "မေတ္တာ"ကို "ချစ်ခြင်း"ဟု ဘာသာပြန်လျှင် ကိုယ့်လူမျိုးအချင်းချင်းသာ ချစ်၍ အခြားလူမျိုးကို မချစ်နိုင်ခဲ့လျှင်၊ ကိုယ့်ပါတီဝင်များကိုသာ ချစ်၍ အခြားပါတီဝင်များကို မချစ်နိုင်ခဲ့လျှင်၊ ကိုယ့်ဘာသာ ဝင်များကိုသာချစ်၍ အခြားဘာသာဝင်များကို မချစ်နိုင်ခဲ့လျှင် ဤကဲ့သို့ ကျဉ်းမြောင်းသော စိတ်ဓာတ်များကြောင့် ကရုဏာကင်းမဲ့စွာ သတ်ဖြတ်ကြသော Holy Wars သို့မဟုတ် Fighting for Peace အမည်တပ်သည့် စစ်ပွဲကြီးများ ကမ္ဘာ့သမိုင်းတွင် ဖြစ်ခဲ့ဖူးသည်ကို သံဝေဂယူကြဖို့ ကောင်းပါပြီ"ဟု ထည့်သွင်း ပြောဆိုမိန့်ကြားခဲ့သည်။
    ထို့အပြင် ဆရာတော်ကြီးက "ဝါဒနှင့် စနစ်အားလုံးတို့၏ အဆိပ်သဖွယ် ဖြစ်သော ဣဿာတရားကို မုဒိတာဟူသော စိတ်ကောင်းထား၍ ဖယ်ရှားရမည်။ မ ကောင်းလျှင် စိတ်ပျက်၊ ကောင်းလျှင် တပ်မက်သည့် မငြိမ်သက်သည့် ဤစိတ်ဓာတ်ကို ဥပေက္ခာပွား၍ တည်ငြိမ်စေရမည်။ ယနေ့ ကမ္ဘာလောက၌ ရုပ်ဝါဒရှုထောင့်မှ ကြည့် လျှင် သိပ္ပံပညာ၊ နည်းပညာ၊ စက်မှုပညာတို့ သည် အမြင့်ဆုံးသို့ရောက်အောင် တိုးတက် နေချေပြီ။ အခြား ဆန့်ကျင်ဘက်တစ်ခုမှာ လူသားများတို့၏ စိတ်ဓာတ်၊ အသိဉာဏ် အကျင့်တရားတို့ကား ဖွံ့ဖြိုးတိုးတက်မှု မရှိရုံ မျှမက ဆင်းရဲမွဲတေခြင်း၏ အောက်သို့ ရောက်ရှိနေချေပြီ။ ယနေ့ လူသားအများစု၏ စိတ်ဓာတ်၌ ဗြဟ္မစရိယတရား လေးပါးတို့ ခေါင်းပါးခဲ့ချေပြီ။ ထို့အပြင် လူငယ်အများစု ၏ ကိုယ်ကျင့်တရားမှာလည်း ဗလာလုနီးနီး ဖြစ်ချေပြီ"ဟု ဆက်လက်မိန့်ကြားသည်။
    ဘာသာရေးယုံကြည်ချက်၊ လူမျိုး ရေးကွဲပြားမှု၊ နိုင်ငံရေးအယူအဆ မတူကြ သည်ကို အကြောင်းပြု၍ ညီအစ်ကို၊ မောင် နှမများသဖွယ် သဘောမထားနိုင်ကြဘဲ ဘုံ လမ်းမကြီးတစ်ခုပေါ်မှာ မတွေ့ဆုံနိုင်၊ လက် မတွဲနိုင်ကြလျှင် လူသားတို့၏ အကျိုးစီးပွား ကို သယ်ပိုးလိုကြသည့် များစွာသော ခေါင်းဆောင်၊ များစွာသော အသင်းအဖွဲ့တို့၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်ချက်များမှာ အောင်မြင်ပြီးမြောက် ခရီးရောက်ဖို့ အခက် အခဲများစွာ တွေ့ကြလိမ့်မည် ဖြစ်ကြောင်း ဖြည့်စွက်မိန့်ကြားခဲ့သည်။

Total Views ~ 166

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43945

© 2022 - 2025 News. All Rights Reserved.