ရန်ကုန်၊ မေ ၁၄
အခြားသော EAOs များနှင့် တွေ့ဆုံညှိနှိုင်းနိုင်ရေးလုပ်ငန်းအား NCA ရေးထိုးထားသော တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းခုနစ်ဖွဲ့ (7 EAO Alliance) ၏ ရှေ့လုပ်ငန်းစဉ်အဖြစ် ထည့်သွင်းချမှတ် ထားကြောင်း သိရသည်။
မေ ၇ ရက်မှ ၈ ရက်အထိ Video Conferencing ဖြင့် ပြုလုပ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခုနစ်ဖွဲ့၏ မဟာမိတ်အဖွဲ့၊ (၁/၂၀၂၄)ဦးဆောင် အဖွဲ့အစည်းအဝေးမှ ယင်းသို့ ရှေ့လုပ်ငန်း စဉ်အဖြစ်ထည့်သွင်းရန် အတည်ပြုချမှတ်ခဲ့ခြင်းဖြစ်ကြောင်း 7 EAO Alliance ၏ ပြောရေးဆိုခွင့် ရှိသူ (KNU/KNLA-PC) မှ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။
"ကျွန်တော်တို့ ရှေ့ဆက်ဆောင် ရွက်ရမယ့် လုပ်ငန်းစဉ်တွေထဲမှာ တခြားသော EAO တွေနဲ့ တွေ့ဆုံဆွေးနွေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်မှာ ဖြစ်ပါတယ်။တခြားသော နိုင်ငံရေး အင်အားစုတွေကိုလည်း တွေ့ဆုံဖို့၊ စကားပြောနိုင်ဖို့က ကျွန်တော်တို့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲ၊ အကျပ်အတည်းတွေကို ကျော်လွှား နိုင်ဖို့အတွက်ဆိုရင် ဒါဟာ နိုင်ငံရေးပြဿနာကြောင့် ဖြစ်တယ်၊ ဒါကြောင့် ဒီပြဿနာတွေကို နိုင်ငံရေး တွေ့ဆုံဆွေးနွေး ခြင်းနဲ့ သက်ဆိုင်သူအားလုံး ပါဝင်ပြီးတော့ စကားပြော နိုင်အောင်ပေါ့၊ အဲဒီအခင်းအကျင်းအထိဖြစ် အောင်မျှော်မှန်းလုပ်ဆောင်လာတာဖြစ်လို့ တခြား EAO တေ၊ွ တခြားသော အင်အားစုတွေနဲ့ လက်ရှိအ ကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်း စကားပြောနိုင်အောင် လုပ်ဆောင်ရမှာ ပါ"ဟု ၎င်းက ပြောသည်။
ထို့အပြင် နှစ်ရက်တာ ကျင်းပခဲ့သည့် ဦးဆောင်အဖွဲ့အစည်းအဝေးတွင် 7 EAO Alliances ၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးအ တည်ပြုချက်ရယူပြီး လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကိုလည်း အတည်ပြုနိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။
ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် 7 EAO Alliances ၏ ဦးဆောင်အဖွဲ့ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂၀၂၄ ခု နှစ် မတ် ၁၇ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သည့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့၏ မျက်နှာစုံညီ အစည်းအဝေးအပြီး ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ဖွဲ့စည်းပြီးနောက် 7 EAO ALLIANCE သည် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးမှ တစ်ဆင့် ငြိမ်းချမ်းရေးဆိုင်ရာရလဒ်များ ဖော်ထုတ်နိုင်ရန် လူထု၏ သဘောထားများ ဖော်ထုတ်နိုင် သော အခင်းအကျင်းများ ဖန်တီးခြင်း၊ သက်ဆိုင်သည့် အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထုအား ကာကွယ်ရန် တာဝန်ရှိမှုကို သိရှိစေခြင်း၊ အဓိပ္ပာယ်ပြည့်ဝ၍ နိုင်ငံရေး အပြောင်းအလဲများ တိုးတက်ဖြစ် ပေါ်လာစေရန် သက်ဆိုင်သူများအားလုံးနှင့် နိုင်ငံရေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ကျင်းပခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ရည်မှန်းချက်များအနေဖြင့် အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးအပြောင်းအလဲများ တိုးတက်ဖြစ် ပေါ်လာစေရန်၊ နိုင်ငံရေးဆွေးနွေးပွဲများကို သက်ဆိုင်သူများအား လုံးနှင့် စဉ်ဆက်မပြတ် ကျင်းပသွားရန်၊ လက်ရှိပဋိပက္ခကို ဖြေရှင်းရာတွင် ငြိမ်းချမ်းစွာ အဖြေရှာလိုသော အင်အားစုများ၏ သဘောထားများ ဖော်ထုတ်နိုင်ရေးအတွက် အခင်းအကျင်းနှင့် နည်းလမ်းများ ဖော်ဆောင်သွားရန်နှင့် ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်ရေးနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထုအား ကာကွယ်ရန်တာဝန်ရှိခြင်းကို သိရှိစေရေး တိုးမြှင့်ဆောင်ရွက်သွားမည်ဟုလည်း 7 EAO ALLIANCE မှ ထုတ် ပြန်ထားသည်။