အဆင့်မြှင့်တင်မွမ်းမံနေသည့် ဘုရင့်နောင်မင်းတရားကြီး၏ ကမ္ဘောဇသာဒီနန်းတော်သို့ ပြည်တွင်း ပြည်ပခရီးသွားများနှင့် ဒေသခံပြည်သူများ နေ့စဉ်လာရောက်လည်ပတ်နေ

ပဲခူး၊ စက်တင်ဘာ ၁၁
    ပဲခူးတိုင်းဒေသကြီး၏ ကမ္ဘောဇသာဒီနန်းတော်ကို အဆင့်မြှင်တင်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံခြားသားခရီးသည်များနှင့် ပြည်တွင်းခရီးသွားများ နေ့စဉ်လာ  ရောက်လေ့လာလျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှသိရသည်။ 
    ၂၀၂၃-၂၄ ဘဏ္ဍာနှစ်မှ စတင်ကာ နန်းတော်ဆောင်များအတွင်း အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ လာရောက်လေ့လာလည်ပတ်သူ ခရီးသွားများအနေဖြင့် ယခင်နှင့်မတူသော အဆင့်မြှင့်တင်မှုများကို လေ့လာတွေ့ရှိရမည်ဖြစ်ကြောင်း သိရသည်။ 
    ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း ကမ္ဘောဇသာဒီနန်းတော်အမိုးများကို ပြင်လည်ပြုပြင် မွမ်းမံမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပဲခူးမြို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ 
    "၁၉၉၀ပြည့်နှစ်ကစပြီးတော့ ဒီကမ္ဘောဇသာဒီ နန်းတော်ရာထဲမှာ တူးဖော်မှုတွေ လုပ်ခဲ့ပါတယ်။ ကမ္ဘောဇသာဒီ နန်းတော်ကြီးကိုကျတော့ ၁၉၉၅ ကနေစပြီး တူးဖော်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်မှာ နိုင်ငံတော်အကြီး အကဲလာရောက်တဲ့ ခရီးစဉ်မှာဆိုရင် ကမ္ဘောဇသာဒီနန်း ဆောင်မှာ အရင်က ကျောက်ပြားတွေ ခင်းထားပါတယ်။ အဲဒါကို အကြီးစားပြင်ဆင်မှုအနေနဲ့ အောက်ခြေကို ကျွန်းသစ်တွေနဲ့ ကြမ်းခင်းတွေကို ပြုလုပ်ခဲ့တယ်။ တိုင်လုံးတွေကလည်း ဟံသာဝတီခေတ်ရဲ့ အနီးဆုံးဖြစ်တဲ့ လက်ရာတွေကို ရွှေချမွမ်းမံမှုတွေ လုပ်ခဲ့ပါတယ်။ အခု ၂၀၂၄-၂၅ ဘဏ္ဍာနှစ်မှာတော့ အမိုးတွေကို ပြင်လည်ပြင်ဆင်ဖို့ရှိပါတယ်"ဟု ၎င်းကပြော သည်။
    ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည့် ဘုရင့်နောင် မင်းတရားကြီး၏ ကမ္ဘောဇသာဒီ နန်းတော်မှာ ပဲခူးမြို့ရှိ ထင်ရှားသည့် ခရီးစဉ်ဒေသနေရာများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ပြည်တွင်း ပြည်ပခရီးသွားများနှင့် ဒေသခံပြည်သူများ လာရောက်လေ့လာ လည်ပတ်နေကြသည့်နေရာ တစ်ခု ဖြစ်သည်။ 
    ပုံမှန် ရုံးဖွင့်ရက်များတွင် နေ့စဉ်လာရောက်လေ့လာသူဦးရေ တစ်ရာကျော်ရှိပြီး ကျောင်း ပိတ်ရက်နှင့် အလုပ်ပိတ်ရက်များတွင် လူဦးရေသုံးရာကျော် လာရောက် လေ့လာကြကြောင်း သိရသည်။  နန်းတော်ရာသို့ နိုင်ငံခြားသားခရီးသွား ဧည့်သည်များအနေဖြင့် သောကြာ၊ စနေနေ့များတွင်အ များဆုံးလာရောက်လေ့လာကြပြီး ဝင်ကြေးအနေဖြင့် လူကြီးကျပ် ၁၀၀၀၊ ကလေး ကျပ် ၅၀၀ ကောက်ခံ ပြီး သံဃာတော်များနှင့် ကျောင်သား၊ ကျောင်းသူများ ဝင်ကြေးအခ မဲ့ဖြစ်ကြောင်း သိရသည်။  ကွန်းဈာန်

Total Views ~ 164

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43803

© 2022 - 2025 News. All Rights Reserved.