၂၀၂၄ ၊ မတ် ၂၀
အနုပညာရသမျိုးစုံ ပါဝင်ဖန်တီးမည့် 'ကျားဖမ်းမယ်' ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး အခမ်းအနားကို မတ် ၁၇ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံ ဘုရားအောင်မြေတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဇာတ်ကားရိုက်ကူးမည့် ဒါရိုက်တာစိုးမိုးမင်းက 'ဒီကားက အမျိုးသမီးတွေရဲ့ အတွင်းစိတ်၊ အပြိုင်စိတ်၊ မနာလို စိတ်တွေကို မြင်ရမယ်။ နောက်ယောက်ျားတွေရဲ့ မာယာတွေကိုပြမယ်။ ရယ်စရာ၊ ကြည်နူးစရာ၊ ထိတ်လန့်စရာတွေပါမယ်။ နောက် တုန်လှုပ်စရာလေးပါမယ်။ ရသစုံအ များကြီးပါပဲ။ ကျားဖမ်းမယ်ဆိုတော့ ကျားတွေ ဖမ်းကြမယ်ပေါ့"ဟု ပြောကြားခဲ့သည်။
အဆိုပါ ဇာတ်ကားကို ဝတ္ထု မိုးနီလွင်၊ ဇာတ်ညွှန်း ဒီဒီထက်အောင်တို့က ရေးသားထားပြီး DOP မင်းမင်းကျော် စသည်တို့ ပါဝင်သလို ဒါရိုက်တာစိုးမိုးမင်းက ပရိသတ်များကို ပျော်ရွှင်ကြည်နူးစရာ၊ ထိတ်လန့်မှု ရသစုံနှင့်ပုံဖော်ကာ မတ်လ နောက်ဆုံးပတ်တွင် ရန်ကုန်မြို့တွင် ရိုက်ကူးသွားမည်ဖြစ် ကြောင်း သိရသည်။
သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်က "ဒီကားက မေလေးအတွက် Comeback အနေနဲ့ ပထမဦးဆုံး ရုပ်ရှင်ကားမို့ အရမ်းပျော်ပါတယ်။ ဒီကားက ထူးခြားတဲ့ ဇာတ်လမ်းလည်းဖြစ်တယ်။ ဇာတ်လမ်း ဇာတ်ကွက် ဇာတ်အိမ်တွေနဲ့ဆိုတော့ ဇာတ်ကိုဖတ်လိုက်ကတည်းက အရမ်းကြိုက်သွားတယ်။ ကိုယ်လုပ်မယ့် ဇာတ်ကောင်ကလည်း အရမ်းကောင်းတာမို့ မေလေးလက်ခံလိုက်တာပါ။ ဒီကားမှာ မေလေးက ကျားကြီးရော၊ ကျားငယ်ရော နှစ်ကောင်ဖမ်းရမယ့်သူပေါ့။ ဘာတွေဆက် ဖြစ်မလဲဆိုတာ မကြာခင်သိရမှာပါ။ ကျားဖမ်းမယ် ရုပ်ရှင်က အရမ်းလောင်ရမှာပါ။ လုံးဝကို အလောင်အကြီးစားမို့ အခု ကတည်းက ပြင်ဆင်ထားပါတယ်။ စိတ်ဆိုးတဲ့ အခန်းရိုက်ရင် တကူးတက စိတ်ဆိုးစရာ မလိုဘူး။ ဒိုင်ယာလော့ခ်နဲ့တင် စိတ်ကဆိုးနေပါတယ်"ဟု ပြောကြားခဲ့သည်။
သရုပ်ဆောင်များအနေဖြင့် အိချောပို၊ ခိုင်နှင်းဝေ၊ ဇင်ဇင်ဇော်မြင့်၊ မေပန်းချီ၊ အကယ်ဒမီ ရဲအောင်၊ မင်းသူ၊ ညီနန္ဒ၊ ရှင်မွေလ၊ အောင်လေး၊ မင်းဘုန်းမြတ်၊ ကျော်ထက်၊ ဗညားဘုန်းပြည့်၊ ချောကလျာ၊ ရွှေပုဏ္ဏမီကျော်၊ လင်းလက်ခွန်းချို၊ ပြည့်ပြည့်ဘုန်းမြတ်နှင့် အနုပညာရှင်များစွာ ပါ ဝင်မည်ဖြစ်ကြောင်း သိရသည်။