နေပြည်တော်၊ ဇွန် ၂၆
အမတ်ဖြစ်ချင်ရုံသက်သက် နိုင်ငံရေးပါတီထူထောင်ခြင်းမျိုး မဖြစ်စေချင်ကြောင်းနှင့် ပြည်သူလူထု၏ အခက်အခဲများအတွက် ရှေ့မှနေ၍ ရပ်တည်ပေးစေချင်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပြောသည်။
"ရခိုင်ပြည်နယ်မှာ နိုင်ငံရေးပါတီတွေအပေါ် သဘောထားက AA ကိစ္စတော့ ကျွန်မမပြောနိုင်ဘူး။ ကျွန်မတို့က နိုင်ငံရေးပါတီဆိုတာ အမတ်လုပ်ဖို့သက်သက်၊ မဲပြိုင်ဖို့သက်သက် မဟုတ်ဘူးဆိုတာ နားလည်တယ်။ ပြည်သူ့အခက်အခဲအတွက် ပြည်သူ့ရှေ့မှာ မရှိဘူးဆိုရင် အဲဒီပါတီ ဘာလုပ်မှာလဲ။ ပါတီဆိုတာ တိုင်းပြည်ရဲ့ အပြောင်းအလဲတွေ၊ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို လွှတ်တော်မှာ စကားပြောဖို့ပဲ အမတ်ဖြစ်သင့်တယ်။ အမတ်ဖြစ်ချင်ရုံသက်သက် ပါတီထောင်တာ မဖြစ်စေချင်ဘူး။ ပြည်သူတွေရဲ့ အခက်အခဲအတွက် ပြည်သူ့ရှေ့မှာ မားမားမတ်မတ် ရပ်ဖို့လိုတယ်။ ရခိုင်ပြည်နယ်မှာ ပြည်သူတွေ ထမင်းငတ်နေတယ်။ ဆန်လေးတစ်ဆုပ် မပေးဘူး၊ ရေလေးတစ်မှုတ် မပေးဘူး၊ ဆေးလေးတစ်လုံးမပေးဘူး၊ ပိုက်ဆံလေးတစ်ပြား မပေးဘူး။ ပါတီတော့ဖွဲ့နေကြတာပဲ။ ဘယ်ပါတီကိုမှ ဝ,ကွက်ပြီး ပြောတာမဟုတ်ဘူး။ ပါတီတိုင်းမှာ တာဝန်ရှိတယ်။ ပြည်သူတွေဘက်က မားမားမတ်မတ်ရပ်ပြီး အလုပ်လုပ်ပေးဖို့ တာ ဝန်ရှိတယ်။ ရခိုင်ပြည်နယ်မှာ ရှိကိုမရှိကြတာ၊ အဲဒီပါတီ ခေါင်းဆောင်တွေက ရန်ကုန်မှာ အားလုံး။ ဟိုရောက်ဒီရောက် ဖြစ်နေကြတာ။ ရခိုင်ပြည်နယ်ကို ချစ်ပါတယ်။ ရခိုင်ပြည်သူတွေအတွက် အလုပ်လုပ် ချင်ပါတယ်ဆိုတဲ့ ပါတီတွေ ပြည်သူ့ရှေ့မှာ မရှိကြဘူး။ ကျွန်မက အဲဒီလိုပဲ အပွင့်လင်းဆုံး သုံးသပ်ချင်တယ်။ ပြည်သူတွေနဲ့ ရှိပြီးတော့မှ ပြည်သူတွေကို တစ်လုပ်စာလား၊ နှစ်လုပ်စာလား ပေးကျွေးနေတာ ရှိတယ်ဆိုရင် အဲဒီပါတီကို ကျွန်မ ချီးမွမ်းမယ်၊ ဂုဏ်ယူမယ်"ဟု ၎င်းကပြောသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် AA ၏ စစ်ရေးချဲ့ထွင်မှုများကြောင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်ကာ ဒေသခံပြည်သူများသည် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသဖြင့် ချွတ်ခြုံကျနေပြီး ကျောက် ဖြူ၊ စစ်တွေနှင့် မာန်အောင် သုံးမြို့နယ်သာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေရှိကြောင်း သုံးသပ်မှုများ ရှိနေသည်။ ကွန်းဈာန်