၂၀၂၃ မတ် ၁၂
တရုတ်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူ လျော့ကျခဲ့သောကြောင့် နှစ်လကျော်အကြာတွင် အမေရိကန်သို့လာရောက်မည့် တရုတ်ခရီးသွားများအနေဖြင့် လေယာဉ်ပေါ်မတက်မီ COVID-19 ကူးစက်ခံထားရခြင်းမရှိကြောင်း စစ်ဆေးရန်လိုအပ်ချက်သည် မတ် ၁၀ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့သည်။
တရုတ်နိုင်ငံတွင် ကပ်ရောဂါဆိုင်ရာ တင်းကျပ်သောကန့်သတ်ချက်များကို ဖြေလျှော့ခဲ့ပြီးနောက် ကူးစက်မှုများမြင့်တက်နေချိန်အတွင်း တရုတ်အစိုးရသည် နိုင်ငံတွင်းမှ အမှန်တကယ်ကူးစက်ခံရသူအရေအတွက်နှင့် သေဆုံးသူအရေ အတွက်ကို မှန်ကန်စွာ ထုတ်ပြန်ခြင်းမရှိသည့်အပေါ် အမေရိကန် ကျန်းမာရေးတာဝန်ရှိသူများက စိုးရိမ်နေသော ကြောင့် ယင်းကန့်သတ်ချက်စည်းမျဉ်းများကို ဒီဇင်ဘာ ၂၈ ရက်တွင်ထုတ်ပြန်ခဲ့ပြီး ဇန်နဝါရီ ၅ ရက်တွင် အကျုံး ဝင် သက်ရောက်ခဲ့သည်။
ယင်းကန့်သတ်ချက်စည်းမျဉ်း ထုတ်ပြန်ချိန်တွင် အမေရိကန်တာဝန်ရှိသူများက တရုတ်တွင်ပျံ့နှံ့နေသော မျိုးကွဲများ သို့မဟုတ် ကူးစက်မှုအခြေအနေကို တရုတ်အစိုးရက ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခြင်းမရှိသောကြောင့် အမေရိကန်နိုင်ငံသားများနှင့် အသိုင်းအဝိုင်းများကို ကာကွယ်ရန်လိုအပ်သည်ဟုလည်း ပြောကြားခဲ့သည်။
ဇန်နဝါရီလက ထုတ်ပြန်ထားသောစည်းမျဉ်းများတွင် အမေရိကန်သို့လာရောက်သော တရုတ်၊ဟောင်ကောင်နှင့်မကာအိုရှိခရီးသွားများအနေဖြင့် ခရီးမသွားမီနှစ်ရက်ထက် မကျော်သည့်အချိန်အတွင်း COVID-19 စစ်ဆေးရန်နှင့် လေ ကြောင်းခရီးစဉ်ပေါ်မတက်မီ ကိုဗစ်ကူးစက်ခံရခြင်းမရှိကြောင်း စစ်ဆေးချက်ပြသရန်လိုအပ်သည်ဟုဆိုသည်။ ယင်းစစ်ဆေးမှုများသည် အမေရိကန်နိုင်ငံသားများအပါအဝင် အသက်နှစ်နှစ်နှင့်အထက်အရွယ်တိုင်းအတွက် အကျုံးဝင် သက်ရောက်သည်။
တရုတ်နိုင်ငံတွင် တင်းကျပ်သောကပ်ရောဂါဆိုင်ရာစည်းမျဉ်းများနှင့် သမ္မတရှီကျင်းပင်အား ရာထူးမှနုတ်ထွက်ရေးတို့အတွက် လူပေါင်းသန်းချီ ရှားပါးဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးနောက် ဒီဇင်ဘာလအစောပိုင်းတွင် တရုတ်အစိုးရက တင်း တင်းကျပ်ကျပ် လော့ ဒေါင်းချခြင်းနှင့် လူအမြောက်အမြားကို ဆေးစစ်မှုများ လုပ်ဆောင်လေ့ရှိသည့် ကိုဗစ်ကင်းစင်ရေး မူဝါဒကို ရုတ်ခြည်းဆိုသလို ပယ်ဖျက်ပေးခဲ့သည်။ ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ စတင်ဖြစ်ပွားခဲ့ပြီးနောက် သုံးနှစ်အကြာတွင် ၎င်းတို့ တစ်စိုက်မတ်မတ် ကျင့်သုံးခဲ့သည့် ကိုဗစ်ကင်းစင်ရေးမူဝါဒကို ရုပ်သိမ်းခဲ့ခြင်းဖြစ် သည်။
တရုတ်သည် ၎င်း၏ တင်းကျပ်သော စည်းမျဉ်းများကို ရုပ်သိမ်းလိုက်ချိန်တွင် ကူးစက်မှုများနှင့် သေဆုံးမှုများသည်မြင့်တက်လာခဲ့ပြီး တရုတ်နိုင်ငံရှိ ဆေးရုံများနှင့် မီးသင်္ဂြိုဟ်ရုံများတွင် မနိုင်မနင်းဖြစ်နေကာ အမှန်တကယ် ရောဂါကူးစက်မှု ပမာဏကို ခြေရာခံရန် မဖြစ်နိုင်ကြောင်း ထုတ်ဖော်ဝန်ခံမှုများရှိလာခဲ့သည်။ တရုတ်အစိုးရက ကိုဗစ် ကူးစက်မှုများနှင့်ပတ်သက်၍ လုံလောက်သည့် သတင်းထုတ်ပြန်မှုများမရှိသည့်အတွက် နိုင်ငံတကာက ပြစ်တင်ဝေဖန်ခဲ့သည်။
အမေရိကန်နှင့် တရုတ်ဆက်ဆံရေးတွင် တင်းမာမှုများ ကြုံတွေ့နေချိန်၌ ကန့်သတ်ချက်များရုပ်သိမ်းရန် အမေရိကန်ကဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့်လက တရုတ်နည်းပညာမြင့် ကင်းထောက်မိုးပျံပူဖောင်းသည် အမေရိကန်သို့ ဖြတ်ကျော်လာခဲ့ပြီးနောက် ဘိုင်ဒင်က ၎င်းကိုပစ်ချရန် အမိန့်ထုတ်ပြန်ခဲ့သည်။
တရုတ်က ယင်းမိုးပျံပူဖောင်းသည် အရပ်ဘက်သုံး မိုးလေဝသဆိုင်ရာ မိုးပျံပူဖောင်းဖြစ်ပြီး ပျံသန်းချိန်တွင် လမ်း ကြောင်း လွဲသွားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း အမေရိကန်အရာရှိများကမူ ယင်းမိုးပျံပူဖောင်းသည် ကင်း ထောက်လှမ်းမှုများပြုလုပ်သည့် အထောက်အထားများကို တွေ့ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။