၂၀၂၃ ဒီဇင်ဘာ ၂၀
အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် လောင်းကစားပြုလုပ်နေပါက ဝရမ်းမပါရှိဘဲ ဖမ်းဆီးနိုင်သည့် ဥပဒေကို နိုင်ငံပိုင်သတင်းစာမှ တစ်ဆင့် ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒီဇင်ဘာ ၁၃ ရက် ရက်စွဲဖြင့် လောင်းကစားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ ထုတ်ပြန်လိုက်သည်။
လောင်းကစားဆိုင်ရာ လုပ်ထုံးလုပ်နည်းတွင် အများနှင့်သက်ဆိုင်သည့် နေရာများ၌ လောင်းကစားပြုလုပ်သူများ၊ ပါဝင်ပတ်သက်သူများကို မြို့နယ်၊ ရပ်ကွက်၊ ကျေး ရွာအုပ်ချုပ်ရေးမှူး သို့မဟုတ် ရဲတပ်ဖွဲ့ဝင်တစ်ဦးဦးက ဝရမ်းမပါရှိဘဲ ကိုယ်တိုင်ဖမ်းဆီး နိုင်သည့်အပြင် လောင်းကစားပြုလုပ်နေသည့် အိမ်သို့ ကိုယ်တိုင်ဝင်ရောက်ရှာဖွေ ဖမ်းဆီးသူအနေဖြင့် ရှာဖွေပုံစံပါရှိရမည်ဖြစ်ပြီး သက်သေအနည်းဆုံး နှစ်ဦးအပြင် လုံလောက်သည့် အင်အားဖြင့် မည်သည့်နည်းဖြင့်မဆို ဝင်ရောက်ခွင့်ရှိကြောင်းသိရသည်။
လောင်းကစားပြုလုပ်သည့် နေအိမ်ကို ဝင်ရောက်ဖမ်းဆီးရာမှာ ဝင်ရောက် ရှာဖွေဖမ်းဆီးခွင့် ဝရမ်း (ပုံစံ-က)ကို ထုတ် ပေးရမည်ဖြစ်ပြီး ဝရမ်းသက်တမ်းသည်စတင် ထုတ်ပေးသည့်ရက်မှ ၁၄ ရက်ထက် ကျော်လွန်ခြင်း မရှိစေရဟု ဖော်ပြထားသည်။ဖမ်း ဆီးရမိသူများ အမည်စာရင်းကို ရယူပြီး ရှာ ဖွေတွေ့ရှိသည့် သက်သေခံပစ္စည်းများကို ရှာဖွေပုံစံ(ပုံစံ-၁)ဖြင့် သိမ်းဆည်းကာ ဖမ်းဆီးရမိသူများကို ဥပဒေအရ အမှုဖွင့်အရေး ယူရန်သက်သေခံပစ္စည်းများ၊ တိုင်စာနှင့်အတူ သက်ဆိုင်ရာရဲစခန်းကို ချက်ချင်းအပ် နှံရမည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လောင်းကစားမှုများကို စီမံချက်ရေးဆွဲ ဖမ်းဆီးအရေးယူလျက်ရှိရာ ၂၀၂၃ ခုနှစ် နိုဝင် ဘာလအတွင်း နေပြည်တော်၊ တိုင်းဒေသ ကြီး/ပြည်နယ်ရဲတပ်ဖွဲ့များအလိုက် လောင်း ကစားဖမ်းဆီးရမိမှုများအဖြစ် လောင်းကစားမှု ၁၆၇ မှု ဖမ်းမိခဲ့ပြီး ကျပ် ၁၉၆၅ သိန်းကျော် သိမ်းဆည်းရမိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖမ်းဆီးရမိခဲ့သည့် အမှုများမှာ နှစ်လုံးထီအမှု ၁၁၁ မှုမှ တရားခံ ၁၃၅ ဦး ဖမ်းမိခဲ့ပြီး ကျပ် ၁၄,၁၂၂,၅၀၀ သိမ်းဆည်း ရမိကာ၊ ချဲထီအမှု ၁၂ မှုမှ တရားခံ ၁၂ ဦးဖမ်းမိပြီး ကျပ် ၁,၀၆၃,၇၀၀၊ ဖဲမှု ၂၆ မှုမှ တရားခံ ၁၁၈ ဦးနှင့် ကျပ် ၄,၀၂၀,၈၀၀ နှင့် အခြားလောင်းကစားမှု ၁၈ မှုမှ တရားခံ ၁၀၄ ဦးနှင့် ၁၇၇,၃၇၈,၉၀၂ ကျပ်တို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး စုစုပေါင်း လောင်းကစားမှု ၁၆၇ မှု၊ ဖမ်းမိတရားခံ ၃၆၉ ဦးနှင့် ၁၉၆,၅၈၅,၉၀၂ ကျပ်ကို သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။
ထို့ပြင် နေပြည်တော်၊ တိုင်းဒေသ ကြီး/ပြည်နယ် ရဲတပ်ဖွဲ့များတွင် ၂၀၂၃ ခု နှစ် နိုဝင်ဘာလ အတွင်း လောင်းကစားမှုမှ သိမ်းဆည်းရမိသော သက်သေခံပစ္စည်းများမှာ လက်ကိုင်ဖုန်း ၁၀၉ လုံး၊ ဆိုင်ကယ် ၂၉ စီး၊ ကားငါးစီး၊ လက်တော့ပ်လေးလုံး၊ ဂိမ်းစက်ခုနစ်လုံးနှင့် ထိုင်းငွေ ၆၂၁၀ ဘတ်တို့ကို လည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။