နေပြည်တော်၊ သြဂုတ် ၆
အရေးပေါ်အခြေအနေ ကြေညာခြင်းခံထားရသည့် ဧရိယာများ ရွေးကောက်ပွဲအတွက် ချန်လှပ်ခြင်း ခံရနိုင်ဖွယ်ရှိကြောင်း နိုင်ငံရေးပါတီများက သုံးသပ်ပြောကြားသည်။
အစိုးရမှ တရားဝင်ကြေညာထားသည့်အတွက် ချန်လှပ်ထားရန် အဓိပ္ပာယ်သက်ရောက်ကြောင်း နာဂအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးရှုမောင်ကပြောသည်။
"တရားဝင် ကြေညာထားတာဖြစ်တဲ့အတွက် ချန်လှပ်ဖို့ အဓိပ္ပာယ်သက်ရောက်တယ်လို့ အတိအကျ မသိနိုင်ပေမယ့် အဲဒီလိုပဲ ယူဆတယ်။ အခုက နစကလည်း မရှိတော့ဘူးဆိုတော့ ကာ/လုံက အစိုးရ ဖြစ်တာ။ ကာ/လုံရဲ့ သဘောနဲ့ပဲဆိုင်မှာ။ ကာ/လုံက ရွေးကောက်ပွဲကို လုပ်မယ်၊ မလုပ်ဘူးဆိုတဲ့ အနေအထားမှာ ဘယ်နေရာကို ရွေးကောက်ပွဲလုပ်မယ်၊ ဘယ်နေရာကိုတော့ လုံခြုံရေးအရ လုပ်လို့မရဘူးလို့ သတ်မှတ်တယ်ဆိုရင် လုံခြုံရေးအရ သတ်မှတ်တဲ့ကိစ္စက ကာ/လုံနဲ့ပဲ ဆိုင်မယ်။ ကာ/လုံ ပြောင်းတယ်ဆိုတာ ရွေးကောက်ပွဲကို ဦးတည်တယ်ဆိုတာ ထင်ရှားပါတယ်။ ကာ/လုံက လက်ရှိအနေအထားမှာ အစိုးရပုံစံဖြစ်တယ်။ ရွေးကောက်ပွဲ လုပ်မယ့်သူက ကာ/လုံ ဖြစ်တယ်။ ရွေးကောက်ပွဲ အောင်မြင်အောင် ကျင်းပနိုင်ရေးကို သူဘယ်လို လုပ်မယ်ဆိုတာကတော့ လုပ်လို့ရတဲ့ နယ်မြေတွေကို သူလုပ်မယ်။ လုပ်လို့ မရတဲ့နယ်မြေတွေကို ဘာလုပ်မလဲ ဆိုတာကတော့ လုပ်လို့ရတဲ့ နယ်မြေကို ရွေးကောက်ပွဲလုပ်မှာဖြစ်တယ်၊ ဒါကရှင်းတယ်။ လုပ်လို့မရတဲ့ နယ်မြေလို့ ယူဆတဲ့နယ်မြေကို သူဘယ်လို လုပ်မယ်ဆိုတာ နိုင်ငံရေးပါတီအနေနဲ့ ပြောပိုင်ခွင့်မရှိဘူး။ သူဘာလုပ်မလဲဆိုတာ မသိဘူး"ဟု ၎င်းကပြောသည်။
အရေးပေါ်ကာလ အခြေအနေ ကြေညာခြင်းခံရသည့် မြို့နယ် ၆၃ ခုက ရွေးကောက်ပွဲတွင် ပါဝင်လာနိုင်စရာအကြောင်း မရှိကြောင်း ပြည်သူ့ပါတီ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးလှဌေးက ပြော သည်။
"၆၃မြို့နယ်က အရေးပေါ်ကာလ အခြေအနေကြေညာလိုက်တယ်။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအရ အရေးပေါ်ကာလ အခြေအနေကြေညာထားရင် ရွေးကောက်ပွဲလုပ်ဖို့ အခြေအနေမှာ မရှိတော့ဘူး။ အရေးပေါ်ကာလအခြေအနေကို ရုပ်သိမ်းတဲ့ ဧရိယာတွေမှသာလျှင် ရွေး ကောက်ပွဲ လမ်းကြောင်းကို သွားလို့ရမယ်။ ဒါကြောင့် ၆၃ မြို့နယ်ကတော့ ရွေးကောက်ပွဲမှာ လောလောဆယ် ပါဝင်စရာအကြောင်း မရှိဘူးပေါ့။ သို့သော်လည်း သတ်မှတ်တဲ့ ရက်ပေါင်း ၉၀ မှာ ရုပ်သိမ်းသွားရင်တော့ ပါကောင်း ပါလာနိုင်တယ်။ ဒါမှမဟုတ်ရင်လည်း ရက်ပေါင်း ၉၀ ပြည့်ပြီးတဲ့အခါမှာ လိုအပ်လို့ အရေးပေါ်ကာလ အခြေအနေ ထပ်တိုးမယ်ဆို ရင်လည်း တိုးလို့ရတယ်။ တိုးလို့ရတယ်ဆိုရင်တော့ လာမယ့်ရွေးကောက်ပွဲမှာ ပါလာနိုင်တဲ့အလားအလာ သိပ်မရှိတော့ဘူး။ အခုဟာက ဥပဒေပြုရေးတာဝန်ကို အဓိကယူသွားမှာက ကာ/ လုံက ယူသွားမှာဖြစ်တယ်။ ရွေးကောက်ပွဲဆိုတာကလည်း ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေအရ ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့် ပြောရမယ်ဆိုရင် ကာ/လုံကနေပြီးတော့ ကျင်းပပေးတဲ့ ရွေး ကောက်ပွဲလို့ ပြောရမှာဖြစ်တယ်။ သို့သော်လည်း အခြေခံဥပဒေရဲ့ ပေးထားချက်အရ ကာ/လုံက တိုက်ရိုက်မကိုင်တွယ်ဘဲနဲ့ ကာ/လုံကနေ အသစ်ဖွဲ့စည်းလိုက်တဲ့ ရွေးကောက်ပွဲကော်မရှင်ကနေ တာဝန်ယူတာဝန်ခံပြီးတော့ ရွေးကောက်ပွဲကို အကောင် အထည် ဖော်သွားမှာပါ"ဟု ၎င်းကပြောသည်။
လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားရာ ဒေသများကို အရေးပေါ်အခြေအနေအဖြစ် ကြေညာခြင်းဖြစ်ပြီး နိုင်ငံရေးပါတီများအနေဖြင့်လည်း သွားလာ၍ မရနိုင် ကြောင်း ကရင်ပြည်သူ့ပါတီ ဥက္ကဋ္ဌ နမ့်ခင်အေးဦးကပြောသည်။
"အရေးပေါ် အခြေအနေ ထုတ်ထားတဲ့ ဧရိယာတွေက လက်နက်ကိုင်တွေရှိတဲ့ နေရာတွေများတယ်။ ကျန်ရစ်ခဲ့နိုင်တယ်။ ဒီနေရာတွေက ကိုယ်လည်း သွားလုပ်လို့မရဘူး။ သို့သော်လည်း တိုင်းရင်းသား ပါတီတွေ တချို့က ဘာတွေ အားပေးလဲဆိုတော့ အဲဒီဒေသမှာ ရွေးကောက်ပွဲကို လုပ်ကြပါလို့ တိုက်တွန်းမယ်လို့တော့ ပြောတယ်။ ပြီးတော့ လွှတ်တော်ထဲမှာ လာစကားပြောပေါ့။ လက်နက်ကိုင်နေတာထက် ရွေးကောက်ပွဲမှာ သူတို့တွေပါ ပါနိုင်အောင် လုပ်ချင်တဲ့သဘောမျိုး ရှိတယ်။ အဲဒါက ဘယ်လောက် ဖြစ်လာမလဲ မသိဘူး"ဟု ၎င်းက ပြောသည်။
အစိုးရအနေဖြင့် ရွေးကောက်ပွဲကို လုံခြုံစိတ်ချမှုရှိစေရန်အတွက် မြို့နယ် ၆၃ ခုကို အရေးပေါ်အခြေအနေ ကြေညာခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးအင်အားစုများက သုံးသပ်လျက်ရှိနေသည်။
လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုများ ချုပ်ငြိမ်းစေရန်နှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပ ဒေစိုးမိုမးရေးတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ တိုင်းဒေသကြီးနှင့် ပြည် နယ်များရှိ မြို့နယ် ၆၃ ခုကို ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်၊ ပုဒ်မ ၄၁၂ (က) အရ အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း၊ ရက်ပေါင်း ၉၀ အဆိုပါအမိန့်မှာ အတည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံ ရေးကောင်စီက ဇူလိုင် ၃၁ ရက် တွင် ထုတ်ပြန်ထားသည်။ ကွန်းဈာန်