၂၀၂၄ ဇန်နဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီးတွင်း ပြေးဆွဲဝန်ဆောင်မှုပေးနေသည့် စီးတီးတက္ကစီ အငှားယာဉ်များနှင့် နယ်အငှားယာဉ်များတွင် ဘေးအဝါရောင်လိုင်း စတေကာများ မတပ်ဆင်ပါက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ဒဏ်ကြေးငွေသတ်မှတ် ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင် ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ သိရသည်။
စီးတီးတက္ကစီယာဉ်များနည်းတူ ရန်ကုန်မြို့တွင်း၌ ပဲခူးနှင့် ဧရာဝတီတိုင်း ဒေသကြီး၊ မွန်နှင့် ကရင်ပြည်နယ်တို့မှ နယ်တက္ကစီအငှားယာဉ်များ မောင်းနှင်မှုများကို တွေ့ရှိနေရသောကြောင့် ၎င်းတို့ကိုလည်း ဘေးနှစ်ဖက် ဘေးအဝါရောင်စတေကာတပ်ဆင်ရန် ညွှန်ကြားထားကြောင်း YRTC မှ သိရသည်။ ထို့အပြင် ရန်ကုန်မြို့တွင်းပြေး ဆွဲနေသည့် နယ်လိုင်စင် တက္ကစီယာဉ်များ အနေဖြင့် ပညာပေးကာလကျော်လွန်ပြီး အဝါရောင်လိုင်း စတေကာမတပ်ဆင်ထားပါက ဒဏ်ကြေးငွေအပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဘီးခွန်ပါ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ အနေဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက် အထိ စာရင်းများအရ ဘေးအဝါရောင် လိုင်းစတေကာတပ်ဆင်ပြီးစီးမှု ၇၅ ရာခိုင် နှုန်း၊ ခန့်မှန်းအစီးရေ ၄၂၀၀၀ ခန့် တပ်ဆင် ပြီးစီးကြောင်း သိရပြီး လက်ရှိတွင် စီးတီး တက္ကစီ ယာဉ်အဖြစ် မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ ၅၈ç၄၈၁ စီးရှိရာ YRTC တွင် မှတ်ပုံတင်ထားသည့် စီးတီးတက္ကစီ ၅၅ç၂၂၇ စီးရှိကြောင်း သိရသည်။
တက္ကစီ အငှားယာဉ်များတွင် ဘေးနှစ်ဖက်အဝါရောင် စတေကာများ တပ် ဆင်ရန် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၂ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး ပညာပေး ကာလအဖြစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက် မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ သတ်မှတ်ပေးထားခဲ့ခြင်း ဖြစ်သည်။