၂၀၂၃ စက်တင်ဘာ ၁၅
အသင်းအဖွဲ့များအနေနဲ့ ဥပဒေနဲ့အညီ အကူအညီပေးနိုင်ရန် မှတ်ပုံတင်ရေးလုပ်ငန်းစဉ်ကို မဖြစ်မနေ ဆောင်ရွက်ရန်လိုအပ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောဆိုလိုက်ပါတယ်။
စက်တင်ဘာလ ၁၄ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ NGO/INGO များ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် လွယ်ကူချောမွေ့စေရေးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
အသင်းအဖွဲ့များ မှတ်ပုံတင်လျှောက်ထားရာမှာ အစိုးရဌာနအဖွဲ့အစည်းများရဲ့ ထောက်ခံချက်များရယူရန် လိုအပ်တယ်လို့ ၎င်းက ပြောဆိုခဲ့ပါတယ်။
မြန်မာရှိ အသင်းအဖွဲ့များအနေနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ရာမှာ အသုံးချခံရနိုင်ခြေများသည့်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ စံနှုန်းများကို လိုက်နာမှုအားနည်းတယ်လို့ အာရှ-ပစိဖိတ်ဒေသရဲ့ သတ်မှတ်ခြင်းကိုခံထားရကြောင်း ထပ်မံပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့လကုန်ပိုင်းက INGO/NGO အဖွဲ့တွေကို စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ဆောင်နိုင်အောင် သက်ဆိုင်ရာဝန်ကြီးတွေအနေနဲ့ ကြပ်မတ်ထိန်းသိမ်းဖို့ နစကဥက္ကဌက ပြောဆိုခဲ့တာဖြစ်ပါတယ်။