၂၀၂၄ ၊ ဇန်နဝါရီ ၃၁
ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) အနေဖြင့် ညအိပ်ရပ်နားနိုင်မည့် ယာဉ်ရပ်နားစခန်း အားလက်ရှိတွင် အသစ်ရှစ်ခု ထပ်မံတည် ဆောက်လျက်ရှိပြီး အဆိုပါ ယာဉ်ရပ်နား စခန်းပြီးစီးပါက ရန်ကုန်မြို့တွင် ညအိပ်ယာဉ်ရပ်နားစခန်း ၁၅ ခု ရှိပြီဖြစ်ကြောင်း ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ(YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောကြာခဲ့သည်။
"ကျွန်တော်တို့ YBS ယာဉ်ရပ်ဝန်းတွေ တည်ဆောက်ဖို့အတွက် ဆောင်ရွက်တာရှိတယ်။ အရင်တုန်းက တည်ဆောက်ပြီး သားတွေက ခုနစ်နေရာလောက် ရှိတယ်။ YRTC လက်ထက်မှာ ဆောင်ရွက်ပြီးတာက အခုတည်ဆောက်ပြီးတာက လေးနေရာ လောက်ရှိတယ်။ တည်ဆောက်ဆဲက တစ်နေရာပါ။ ရှစ်နေရာလောက် တည်ဆောက်သွားဖို့ ရှိပါတယ်။ အခုကတည်ဆောက် ပြီးတဲ့နေရာက လှိုင်သာယာယာဉ် ရပ်ဝန်းရှိတယ်။ မြောင်ဒဂုံမှာ တက္ကစီယာဉ် ရပ်ဝန်းလုပ်တာရှိတယ်။ မြောက်ဥက္ကလာမှာ တစ်ခုရှိတယ်။ အခုတည်ဆောက်နေတာက သုခဒဂုံဧရာမှာ ငါးဧကရှိတဲ့ နေရာတစ်နေရာ ရှိတယ်။ ဒဂုံဆိပ်ကမ်းနဲ့ တောင်ဥက္ကလာမှာလည်းဆောင်ရွက်နေပါတယ်။ ၂၀၂၃ မှာ ၁၅နေရာဆိုတာ အရင်တုန်း က ဆောင်ရွက်ပြီးသား ခုနစ်နေရာပါပြီး အားလုံးစုစုပေါင်း ၁၅ နေရာဖြစ်တယ်။ အဲ့ဒီမှာ အခုအသစ်ထပ် တည်ဆောက်တဲ့ ရှစ်ခုမှာ လေးခုက ပြီးနေပါပြီ"ဟု ၎င်းင်းက ပြောကြားခဲ့သည်။
ယာဉ်ရပ်နားဝန်းများမှာ ငါးဧက၊ ခုနစ်ဧကများအထိ ကျယ်ဝန်းသည့်အတွက် ကားအစီးရေရာကျော် ရပ်နားနိုင်မည်ဖြစ်ကြောင်း၊ YRTC အနေဖြင့် ပြည်သူများ ဘေးကင်းလုံခြုံရေးနှင့် ဝန်ဆောင်မှု ကောင်းများပေးနိုင်ရန်အတွက် ကြိုးစားလုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်သည့် ယာဉ်လုပ်သားများကိုလည်း လစဉ်ပညာပေးအစီအစဉ်များ ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
"YBSယာဉ်အနေနဲ့ မီးနီဖြတ်တဲ့ ယာဉ်ကြောင့်တိုက်တာတို့၊ သေတာတို့ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ မီးနီ ဖြတ်လို့မရဘူး။ မီးနီသုံးကြိမ်ဖြတ်တဲ့သူ ယာဉ်မောင်းတွေကို ထုတ်ပယ်လိုက်တာ တစ်ရာကျော်ရှိပါတယ်။ ယာဉ်မတော်တဆမှုမှာ လူသေတာ ၃၅ ဦးလောက်ရှိတယ်။ လူသေတဲ့ ယာဉ်မောင်းတွေကို ကျွန်တော်တို့က YBS ယာဉ်မောင်းနှင်ခွင့်ပိတ်တာပါ။ တချို့အပိုင်းတွေကတော့ ကညနနဲ့ ယာဉ်ထိန်းက ဆောင်ရွက်မှာပေါ့။ ကျွန်တော်တို့အနေနဲ့ကတော့ YBS ယာဉ်မောင်းနှင်ခွင့်ကို ပိတ်တာပါ။ အခြားယာဉ်မောင်းနှင်ခွင့်တော့ ရရင်ရမှာပေါ့"ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ကြီးကြပ်မှု အောက်တွင်ရှိသော ယာဉ်စီးရေ ၅၅၆၁ စီးရေရှိကာ တစ်ရက်လျှင် ယာဉ်လိုင်း ၁၃၁ လိုင်းထွက်ရှိ ကြောင်း၊ အဆိုပါ ယာဉ်လိုင်းများမှထွက်သည့် ကားစီးရေ ၃၈၀၀ ကျော်သည် တစ်ရက်လျှင် ပျမ်းမျှခရီးသည် ၁ ဒသမ ၆သန်းခန့်အား ဝန် ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။