Breaking

အာဆီယံသန့်ရှင်းသော မြို့တော်ဆု ကျိုင်း တုံနှင့် ပုသိမ်ရရှိ

၂၀၂၄ ၊ ဇန်နဝါရီ ၃၁
    ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တို့သည် အာဆီယံ ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၄ မှချီးမြှင့်သည့် ယခုနှစ် အာဆီယံသန့်ရှင်းသော မြို့တော်ဆု ASEAN Clean Tourist City Award ဆု ရရှိခဲ့ကြောင်းသိရသည်။
    အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၄ ကို ဇန်နဝါရီ ၂၂ မှ ၂၇ ရက်အထိ အာဆီယံ အလှည့်ကြဥက္ကဋ္ဌဖြစ်သည့် လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ Landmark Mekong Riverside Hotel  ၌  ကျင်းပခဲ့သည်။
    လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီး Mrs. Suanesavanh VIGNAKET  ၏ ဖိတ်ကြားချက်အရ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဒေါက်တာသက်သက်ခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဆက်စပ်ကျင်းပသည့် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
    ယခုကဲ့သို့ ဆုများရရှိကြောင်းကို အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် "၂၀၂၄ အခမ်းအနားတွင် ကြေညာခဲ့ပြီး မြန်မာနိုင်ငံသည် အခြားအာဆီယံခရီးသွားလုပ်ငန်း စံနှုန်းဆုများ ဖြစ်သည့် ASEAN Green Hotel Award ငါးဆု၊ ASEAN MICE Venue Stan-dard Award (Category: Meeting Room) သုံးဆု၊ ASEAN MICE Venue Standard Award(Category: Exhi-bition Venue) နှစ်ဆု၊ ASEAN MICE Venue Stan-dard Award(Category: Event Venue)  သုံးဆုတို့ကိုလည်း ရရှိခဲ့သည်။
    ကိုယ်စားလှယ်အဖွဲ့သည် (၂၃) ကြိမ်မြောက် အာဆီယံ – တရုတ်၊ ဂျပန်၊ ကိုရီးယား ခရီးသွား လုပ်ငန်းဝန်ကြီးများ အစည်းအဝေးသို့လည်း တက်ရောက်ခဲ့ပြီး အာဆီယံ-တရုတ်ခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်းအဝေးကို ၂၀၂၅ ခုနှစ်တွင် စတင်ပြုလုပ်ရန် အဆိုပြုချက်အပေါ် ထောက်ခံသဘော တူခဲ့ကြောင်း သိရသည်။
    အလားတူ အာဆီယံ–ရုရှား ဖက်ဒရေးရှင်း ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးသို့လည်း တက်ရောက်ခဲ့ပြီး အာဆီယံ – ရုရှား ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များအပြင် မြန်မာနိုင်ငံမှ ရုရှားနိုင်ငံသားများအတွက် ဗီဇာတစ်နှစ်ကင်းလွတ်ခွင့်ကို ဒုတိယနှစ်အဖြစ် စမ်းသပ်ခွင့်ပြု ဆောင်ရွက်ပေးနေမှုများ၊ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှစ၍ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား တိုက်ရိုက်လေကြောင်းလိုင်း စတင် ပြေးဆွဲဆောင်ရွက်ခဲ့မှုများအပါအဝင် ရုရှားခရီးသွားများ ပိုမိုတိုးတက် ဝင်ရောက်ရေးအတွက် ချစ်ကြည်ရင်းနှီးမှု ခရီးစဉ်အား စီစဉ်ဆောင်ရွက်ခဲ့မှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

Total Views ~ 233

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43996

© 2022 - 2025 News. All Rights Reserved.