ရန်ကုန်၊ မေ ၇
CLMV နိုင်ငံများအတွက် အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ်(IAI)နှင့် ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းရေး(NDG)တို့တွင် အိန္ဒိယ၏ ပံ့ပိုးမှုများအပါအဝင် အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးတွင် အိန္ဒိယ၏ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုကြောင်း (၂၆)ကြိမ် မြောက် အာဆီယံ-အိန္ဒိယ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အိန္ဒိယ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ Sushma Swaraj Bhawan (SSB) တွင် ၂၀၂၄ ခုနှစ် မေလ ၃ ရက်က ကျင်းပခဲ့သည့် (၂၆)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (26th ASEAN-India Senior Officials’ Meeting) သို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင်၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် လာအိုနိုင်ငံမှ ၂၀၂၄ ခုနှစ် အာဆီယံ ဦးစားပေး အစီအစဉ်များအား ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် အဆင့်မြင့် အရာရှိကြီးများမှ အာဆီယံ-အိန္ဒိယ ဘက်စုံမဟာ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အားကောင်းလာစေရေး၊ ရေရှည်ဖွံ့ဖြိုးရေးနှင့် သာယာဝပြောရေးအတွက် စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ပညာရေး၊ နည်းပညာနှင့် ခရီးသွားလုပ် ငန်းစသည့် ကဏ္ဍအသီးသီးတွင် အာဆီယံ-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှုအား အရှိန်အဟုန် မြှင့်တင်ရန်နှင့် ပိုမိုကောင်းမွန်သည့် မဟာဗျူဟာများ ချမှတ်လုပ်ဆောင်သွားရေး တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် လက်ရှိ အာဆီယံ-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှု အခြေအနေအား သုံးသပ်၍ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်မည့် ကဏ္ဍများအပေါ် အဆင့်မြင့်အရာရှိကြီးများက အကြံပြုဆွေးနွေးခဲ့ပြီး အိန္ဒိယနိုင်ငံသည် ဒစ်ဂျစ်တယ်နည်းပညာဖွံ့ဖြိုးမှုတွင် ဦးဆောင်နိုင်ငံ တစ် နိုင်ငံဖြစ်သည့် အလျောက် အာဆီယံနိုင်ငံများ၏ Digitalization၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဒစ်ဂျစ်တယ် ပေါင်းစည်း ဆက်သွယ်မှုတို့တွင် အိန္ဒိယအနေဖြင့် အာဆီယံနှင့်အတူပူးပေါင်း ဆောင်ရွက်ရန် အာဆီယံအဆင့်မြင့် အရာရှိကြီးများက တိုက်တွန်းပြောကြားခဲ့သည်။
မြန်မာသံအမတ်ကြီးက CLMV နိုင်ငံများအတွက် အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ်(IAI)နှင့် ဖွံ့ ဖြိုးမှု ကွာဟချက် ကျဉ်းမြောင်းရေး (NDG) တို့တွင် အိန္ဒိယ၏ ပံ့ပိုးမှုများအပါအဝင် အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးတွင် အိန္ဒိယ၏ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုကြောင်း၊ ထို့ပြင် အိန္ဒိယနှင့်အပြန် အလှန်အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ် ဆောင်သွားရန် မျှော်လင့်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံမှအာဆီယံ တူညီဆန္ဒငါးချက် အကောင်အထည်ဖော်မှု အခြေအနေများအား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။