အိမ်ခြံမြေဈေးကွက်အတွင်း ဈေးကောင်းရအောင် ဆောက်လုပ်ရောင်းချသူများသာရှိပြီးဖြစ်သင့်သည့် ဈေးနှုန်းအတက်အကျကို ထိန်းကျောင်းမည့်သူ မရှိဟုဆို

နေပြည်တော်၊ စက်တင်ဘာ ၂၅
    ငွေကြေးတန်ဖိုး အတက်အကျနှင့်ပတ်သက်၍ ထိန်းကျောင်းသည့် နည်းစနစ်များရှိသော်လည်း အိမ်ခြံမြေဈေးနှုန်း အတက်အကျနှင့်ပတ်သက်၍ ထိန်းကျောင်းမည့်သူ မရှိခြင်းကြောင့် သာမန်အခြေခံ လူတန်းစားတစ်ရပ်က မြေတစ်ကွက်၊ အိမ်တစ် လုံးပိုင်ဆိုင်ရန် မလွယ်ကူကြောင်း ရွှေလာဘ်ကောင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးဇေယျာထက်ဝင်းက ပြောသည်။ 
    "ဈေးကွက်ထဲမှာက ဘယ်သူကမှ သတ်မှတ်ပေးထားတဲ့ အတိုင်းအထွာ မရှိဘူး။ အဲဒီထက် ဈေးပိုရင် အရေးယူပါ့မယ် ဆိုတဲ့ သူတွေလည်းမရှိဘူး။ အဲဒီအပေါ်မှာလည်း မူတည်တာပေါ့။ စည်းလွတ်ဝါး လွတ်အကွက်တွေ ဖြစ်နေတယ်။ ငွေကြေးဖောင်းပွတဲ့ ကိစ္စတွေလည်းပါတယ်။ ကုန် ဈေးနှုန်းတက်တာတွေနဲ့လည်းဆိုင်တယ်။ အားလုံးအပေါ် သက်ရောက်မှုရှိတယ်။ ဘယ်ဈေးကွက်ပဲဖြစ်ဖြစ် ထိန်းကျောင်းမှုတော့ ရှိရမယ်။ ငွေကြေးပိုင်းမှာလည်း ငွေကြေးဖောင်းပွမှုမဖြစ်အောင် ထိန်းသိမ်းတာမျိုး ရှိသလို။ အိမ်ခြံမြေမှာလည်း ထိန်းကျောင်း မှုရှိရင်တော့ ပိုကောင်းမယ်။ ထိန်းကျောင်းပေးမယ့်သူတွေရှိရင် ပိုကောင်းတာပေါ့ဗျာ။ သာမန် အခြေခံလူတန်းစားတစ်ရပ်က မြေတစ်ကွက် ပိုင်ဆိုင်ဖို့၊ အိမ်တစ်လုံး ပိုင်ဆိုင်ဖို့ဆိုတာ မလွယ်တော့ဘူး။ အိမ်တစ်လုံး ကောင်းကောင်း ငှားနေနိုင်ဖို့တောင် မလွယ်ဘူး။ အဲဒီတော့ လူတိုင်း မြေပိုင်ဆိုင်နိုင်ဖို့၊ လူတိုင်း အိမ်ပိုင်ဆိုင်နိုင်ဖို့ဆိုတာ အခွင့်အရေး နည်းသွားတာပေါ့။ အိမ်ခြံမြေဈေး ဖောင်းပွတယ်။ အိမ်ငှားဈေးတက်တယ်ဆိုတာ အကျိုးသက်ရောက်မှု ကတော့ တော်တော်ဆိုးတယ်။ ကျွန်တော်တို့လည်း ကျွန် တော်တို့မှာရှိတဲ့ ငွေလေးနဲ့မီအောင် မနည်းလိုက်နေရတာ။ အဲဒီတော့ အိမ်ခြံမြေဈေးကွက်ကို ဘယ်သူတွေက ထိန်းကျောင်းပေး မှာလဲဆိုတာ မေးချင်ပါတယ်။  တကယ်ဖြစ် စေချင်ပါတယ်"ဟု ၎င်းကပြောသည်။ 
    ယခုအခါ အိမ်ခြံမြေဈေးကွက်အတွင်း ဈေးကောင်းရအောင် ဆောက်လုပ်ရောင်းချသူများ သာရှိပြီး ဖြစ်သင့်သည့် ဈေးနှုန်းအတက်အကျကို ထိန်းကျောင်းမည့်သူ မရှိကြောင်း ဦးဇေယျာ ထက်ဝင်းကပြောသည်။ 
    "ဖြစ်နေတာက Developer ပဲရှိတယ်။ နေပြည်တော်မှာလည်း ရှိလာပါပြီ။ ဈေးကွက်တစ်ခုကို သင့်တင့်မျှတအောင် ထိန်းကျောင်းပေးမယ့်သူ တွေမရှိဘူး။ ဘယ်လောက်အထိ ကောင်းအောင် ဆောက်မယ်။ ဘယ်လောက်အထိ ဈေးကောင်းရအောင် ရောင်းမယ်။ ဘယ်လို Luxury တိုက်ခန်းတွေ၊ ဘယ်လို Luxury အိမ်တွေ ဆောက်မယ် ရောင်းမယ်ဆိုတဲ့ ဈေးကွက်ပဲရှိတယ်။ နေပြည်တော်မှာလည်း အိမ်ဆောက်ရောင်းတဲ့ သူတွေရှိပါတယ်။ တကယ့်ဆရာကြီးတွေ သောင်းဂဏန်းနဲ့ရောင်းတာ။ ဒါကတော့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေပေါ့။လူတိုင်း လက် လှမ်းမီတဲ့ ဈေးနဲ့ဈေးကွက်ကို ထိန်းကျောင်း ပေးမယ့် လူကောင်းတွေလိုအပ်တယ်။ စေတနာထားတဲ့ လူတွေလိုအပ်တယ်။ အိမ်ခြံမြေမှာ ကိုယ်ကျိုး စီးပွားအတွက်ပဲ ဦးတည်ပြီးတော့ ချမ်းသာပြီးရင် ချမ်းသာကုန်ကြတာ။ အခြေခံလူတန်းစားနဲ့ အလယ်အလတ်တန်းစားမှာ အလယ်အလတ်တန်းစားတောင် အခုနောက်ပိုင်း လိုက်နေရတာ မလွယ် တော့ဘူး။ စည်းလွတ်ဝါးလွတ်ပါပဲ"ဟု ၎င်းက ပြောသည်။ 
    "အိမ်ခြံမြေနဲ့ပတ်သက်လို့ ထိန်းကျောင်းစရာ အသင်းတွေရှိနေတာပဲ။ သက်ဆိုင်ရာကခေါပြီးတော့ ဆွေးနွေးပြောဆိုရမှာပေါ့။ ဈေးမကစားနိုင်အောင် လုပ်ရမှာ။ မြန်မာပြည်မှာတော့ ဝိသမလောဘ စီးပွားရေးသမားတွေရှိတယ်။ အဲဒီလို မထိန်းကျောင်းရင်တော့ မရဘူး"ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က ပြောသည်။ 
    ယခုအခါ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် အိမ်ငှားရမ်းခများ မြင့်တက်နေသည့်နည်းတူ၊ အရောင်းအဝယ်ဈေး ကွက်တွင်လည်း ဈေးနှုန်းများ မြင့်တက်လျက် ရှိပြီး စစ်ရေးပဋိ ပက္ခဖြစ်ပွားရာ အရပ်ဒေသများမှ ပြောင်းရွှေ့နေထိုင်သူများအနေဖြင့် အခက်အခဲများ ဖြစ် ပေါ်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ထိုသို့အိမ်ခြံမြေ ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် မဖြစ်မနေ ငှားရမ်းနေထိုင်မှုများသာ ရှိနေပြီး အရောင်းအဝယ် ဈေးကွက်အေးလျက်ရှိကြောင်း သိရသည်။ ကွန်းဈာန်

Total Views ~ 189

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43807

© 2022 - 2025 News. All Rights Reserved.