ရန်ကုန်၊ အောက်တိုဘာ ၃၀
ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၄ အာဆီယံဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် အုပ်စု(ခ)တွင် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းအနေဖြင့် အုပ်စုကျော်ဖြတ်ရေး သြစတြေးလျအသင်းကို အနိုင်ကစားရမည်ဖြစ်သည်။
ထိုင်းနိုင်ငံမှ နိုဝင်ဘာ ၂ ရက်မှ ၁၀ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ထိုင်းနိုင်ငံသို့ အောက်တိုဘာ ၂၇ ရက် ညနေပိုင်းက ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ ပဏာမ မြန်မာ့ လက်ရွေးစင် ဖူဆယ်အသင်းတွင် အုပ်ချုပ်၊ နည်းပြအဖွဲ့ဝင် ၁၀ ဦးနှင့် ကစားသမား ၁၆ ဦးတို့ ပါဝင်သွားခဲ့ပြီး ပြိုင်ပွဲကာလမတိုင်မီတွင် လေ့ကျင့်ရေး ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
"အုပ်စုခွဲဝေမှုအရလည်း အဓိက အဖြစ်၂၀၂၂ ပြိုင်ပွဲမှာ ၆-၁ နဲ့အနိုင်ရရှိထားတဲ့ သြစတြေးလျအသင်းနဲ့ ကစားရမယ့်အဖွင့်ပွဲမှာ အရေးကြီးပြီး အဲဒီပွဲကိုအနိုင်ရမှသာ အုပ်စုတက်ခွင့် မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားအသင်းကိုတော့ နိုင်ဖို့များပြီး အင်ဒိုနီးရှားအသင်းကိုတော့ သရေရလဒ်ရရှိဖို့ အဓိကပစ်မှတ်ထားရမှာ ဖြစ်ပါတယ်။မြန်မာအသင်းအနေနဲ့ လက်ရှိကစားသမာစာရင်းအရ နောက်တစ်ဆင့် တက်နိုင်ဖို့ကိုအဓိကထား ကြိုးပမ်းရမှာဖြစ်ပြီး ပြိုင်ပွဲမှာဗိုလ်စွဲနိုင်ဖို့ကတော့ အလှမ်းဝေးသေးတယ်လို့ပဲ ဆိုရမှာပါ။ ပြိုင်ပွဲရဲ့အအောင်မြင်ဆုံး ထိုင်းအသင်းဟာ ပြိုင်ပွဲကိုကစားသမားတွေ မြေလှန်ပြောင်းလဲပြီး လာရောက်မှာဖြစ်ပေမယ့် ဖူဆယ်အဆင့်အတန်းမြင့်မားမှုကြောင့် ဗိုလ်စွဲဖို့ ရေပန်းစားဆဲဖြစ်သလို ၂၀၂၂ က ဒုတိယရခဲ့တဲ့ အင်ဒိုနီးရှား၊ တတိယရခဲ့တဲ့ ဗီယက်နမ်တို့ကသာ အခွင့်အလမ်းကောင်းနေတာဖြစ်ပါတယ်"ဟု ဖူဆယ်လေ့လာသုံးသပ် သူတစ်ဦးက ပြောသည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ၂၀၂၄ အာဆီယံဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် အုပ်စု(ခ)တွင် ပါဝင်ယှဉ် ပြိုင်ရမည်ဖြစ်ပြီး၊ နိုဝင်ဘာ ၄ ရက်တွင် သြစတြေးလျအသင်း၊ နိုဝင်ဘာ ၅ ရက်တွင် ကမ္ဘောဒီးယား၊ နိုဝင်ဘာ ၆ ရက်တွင် အင်ဒိုနီးရှားအသင်းတို့နဲ့ အုပ်စုပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ထိုင်းနိုင်ငံသားနည်းပြချုပ် ဘန်လာဒ်တာဝန်ယူထားသည့် မြန်မာအသင်းသည် ယခုပြိုင်ပွဲအတွက် ကစားသမား ရွေးချယ်ရာတွင် မျက်နှာသစ်ကစားသမားအချို့ကိုလည်း ပေါင်းစပ်ရွေးချယ်ထားပြီး ကစားသမားများအနေဖြင့် လူငယ်ကစားသမားများဖြစ်တာကြောင့် ပြိုင်ပွဲအတွက် လိုအပ်ချက် အနည်းငယ်ရှိကြောင်း လေ့လာသုံးသပ်သူများကဆိုသည်။ ထူးမြတ်