၂၀၂၃ အောက်တိုဘာ ၂၃
အွန်လိုင်းကနေ ချေးငွေအမည်ခံ အက်ပလီကေးရှင်းအတုတွေအသုံးပြုပြီး လိမ်လည်မှုတွေများပြားလာတဲ့အတွက် သတိပြုဖို့လိုအပ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။
အဲဒီအက်ပလီကေးရှင်းတွေဟာ Download ဆွဲပြီး ဝင်လိုက်တာနဲ့ အသုံးပြုသူရဲ့ မိုဘိုင်းဖုန်းမှာပါတဲ့ ကင်မရာ၊ ဖုန်းနံပါတ်တွေ၊ တည်နေရာတွေ၊ အီးမေးလ်နဲ့ လူမှုကွန်ရက်အကောင့်တွေ အပါအဝင် အချက် ၇ ချက်ကိုအသုံးပြု ခွင့်ပေးဖို့ တောင်းဆိုချက် (Permissions) တွေကို လက်ခံခိုင်းပြီး အသုံးပြုသူက လက်ခံလိုက်တဲ့အခါမှာတော့ အသုံးပြုသူရဲ့ ကိုယ်ရေးအချက်အလက်တွေအားလုံး အက်ပလီကေးရှင်းကနေတစ်ဆင့် သိသွားနိုင်တဲ့အတွက် အန္တရာယ်ကြီးတယ်လို့ဆိုပါတယ်။
အဲဒီလို Permissions တွေကို လက်ခံလိုက်ပြီးပြီဆိုရင် အက်ပလီကေးရှင်းကို အသုံးပြုသူရဲ့ ဖုန်းထဲမှာရှိတဲ့ ဓာတ်ပုံ တွေ၊ ဗီဒီယိုတွေ၊ ဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေ၊ ဖုန်းနံပါတ်တွေ၊ အီးမေးလ်နဲ့ လူမှုကွန်ရက်အကောင့်တွေ၊ Mobile Banking အကောင့်တွေနဲ့ တည်နေရာတွေကိုပါ အက်ပလီကေးရှင်းကို ရေးဆွဲထားသူက သိရှိသွားတာကြောင့် လိမ်လည်ခြိမ်းခြောက်ငွေတောင်းခံတာတွေ၊ ကိုယ့်ရဲ့ကိုယ်ရေးအချက်အလက်ကို အလွဲအသုံးပြုတာတွေ အပါအဝင် အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်တဲ့အထိ ဆိုးရွားနိုင်တယ်လို့ သိရပါတယ်။
အဲဒါကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ အဲဒီအက်ပလီကေးရှင်းတွေနဲ့ပတ်သက်လို့ ကျူးလွန်သူတွေကို စစ်ဆေး ဖော်ထုတ်အရေးယူနိုင်ဖို့ ဆောင်ရွက်နေသလို ပြည်သူတွေအနေနဲ့လည်း သတိပြုကြဖို့လိုတယ်လို့ သိရပါတယ်။