၂၀၂၄ ၊ ဖေဖော်ဝါရီ ၆
အွန်လိုင်းမှ ရွှေအရောင်းအဝယ် ပြုလုပ်နိုင်ရေးအတွက် စီစဉ်လျက်ရှိရာ လက်ရှိတွင် အသင်းဝင်ကုမ္ပဏီသုံးခုမှ အွန်လိုင်းစနစ်ဖြင့် ရွှေရောင်းချပေးနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်းမှဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြော ကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က "အွန်လိုင်းကနေ ရွှေရောင်းချမှုကတော့ အသင်းအနေနဲ့ကတော့ ဆော့ဝဲလ်ရေးနေတုန်းပါ။ ဒါပေမဲ့ ကျန်တဲ့အသင်းဝင် ကုမ္ပဏီတွေကတော့ ရောင်းနေပါပြီ။ ဒီစနစ်ရဲ့ အားသာချက်က ဘဏ်ထဲကနေပြီးတော့ ငွေဖြတ်တာပေါ့။ ဗဟိုဘဏ်ရဲ့ ဥပဒေအရ သိန်း ၂၀၀ ကျော်ရင် ဘဏ်နဲ့အရောင်းအဝယ် ပြုလုပ်ရမယ်ဆိုတော့လေ။ အခု One Pay ကနေပြီးလည်း ဝယ်လို့ရတယ်။ နေ့စဉ်စုဆောင်းလို့လည်းရတယ်။ ပစ္စည်းသိမ်းတဲ့အခါမှာလည်း ဘဏ်ထဲမှာ သိမ်းထားတာဖြစ်တဲ့အတွက် လုံခြုံမှုပိုပြီးတော့ ကောင်းပါတယ်။ အလုပ်အကိုင်ကလည်း အိမ်ကနေ ဖြစ်ဖြစ်၊ ရုံးကနေဖြစ်ဖြစ် ဝယ်လို့ရတာဖြစ်တဲ့အတွက် ဝယ်တဲ့အခါမှာလည်း အချိန်မကုန် တော့ဘူးပေါ့။ အွန်လိုင်းစနစ်နဲ့ ကုမ္ပဏီသုံးခု လောက်ကနေ ရောင်းချပေးနေပါပြီ"ဟု ပြောကြားခဲ့သည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ One Pay အက်ပလီကေးရှင်းဖြင့် ရွှေအရောင်းအဝယ်ပြုလုပ်နိုင်ရေး ဇန်နဝါရီ ၂၂ ရက် တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းနှင့် AGD ဘဏ်၊ အကယ်ဒမီရွှေဆိုင်မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ပြီး UAB Pay ဖြင့် ရွှေဘုံသာအခေါက် ရွှေဆိုင်မှ မီးလင်းရွှေများ ဝယ်ယူစုဆောင်းနိုင် ပြီဖြစ်ကြောင်း၊ လက်ရှိတွင် One Pay အက်ပလီကေးရှင်းဖြင့် အကယ်ဒမီ မီးလင်းရွှေများ အားစုဆောင်း၍ အရောင်းအဝယ်ပြုလုပ်နိုင် မည်ဖြစ်ကြောင်းသိရသည်။
"ဒီစနစ်ကို အားပေးတယ်။ လေနဲ့အရောင်းအဝယ် ပြုလုပ်တာလည်းမဟုတ်ဘူး။ ကိုယ့်ရှိတဲ့ငွေနဲ့ ရောင်းကြဝယ်ကြတာ။ ရွှေအစစ်၊ ငွေအစစ်နဲ့ ရောင်းကြဝယ်ကြတာဖြစ်တဲ့အတွက်ကြောင့် ဈေးလည်း တည်တည်ငြိမ်ငြိမ်ရှိတယ်။ ဘဏ်ထဲမှာ ရွှေလည်းရှိတယ်။ ငွေလည်း စုထားတာဖြစ်တဲ့အတွက်ကြောင့် ဒီစနစ်က အရမ်းကောင်းမွန်တဲ့စနစ် ဖြစ်ပါတယ်"ဟု၎င်းက ဆက်လက်ပြောကြား ခဲ့သည်။
အွန်လိုင်းမှ ရွှေအရောင်းအဝယ် ပြုလုပ်နိုင်ရေး ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းနှင့် UAB ဘဏ်မှ နည်းပညာကျွမ်းကျင်သူများတို့ ဆွေးနွေးခဲ့ကြောင်း၊ လက်ရှိတွင် အွန်လိုင်း စနစ်ဖြင့် ရွှေတစ်ရွေးမှစ၍ တစ်ကျပ်သားအထိ စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။ အက်ပ လီကေးရှင်းဖြင့် အွန်လိုင်းမှ ရွှေဝယ်ယူစုဆောင်းလိုသူများအနေဖြင့် အသင်းရုံးသို့ လာရောက်ဆက်သွယ်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း (YGEA)မှ အသိပေးထုတ် ပြန်ထားကြောင်း သိရသည်။