၂၀၂၄ ၊ ဇန်နဝါရီ ၁၆
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်းကြီးဌာန၏ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် အမိန့်ကြေညာစာအမှတ် ၁၆၅/၂၀၂၃ အရ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ၏ စုစုပေါင်း လစာဝင်ငွေ ၂ ရာခိုင်နှုန်းအား လစဉ်ဝင်ငွေခွန်အဖြစ် ပေးသွင်းရန်သတ်မှတ်ထားသည်။
ထို့ကြောင့် ၂၀၂၃ နှစ်ကုန်ပိုင်းတွင် အာရှနိုင်ငံများဖြစ်သည့် ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ မလေးရှားကဲ့သို့ နိုင်ငံများရှိ မြန်မာနိုင်ငံသားများအား ဌာနေ သံရုံးများမှတစ်ဆင့် အသိပေးအကြောင်း ကြားပြီးဖြစ်သကဲ့သို့ ယခု ဇန်နဝါရီ ၁၀ ရက် မှစ၍ ဥရောပနိုင်ငံများဖြစ်သည့် ဗြိတိန်၊ ဆွီဒင်၊ ဒိန်းမတ်နှင့် အိုင်ယာလန် နိုင်ငံများရှိ မြန်မာနိုင်ငံသားများသည်လည်း လစာအလိုက် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ထမ်းဆောင် ကြရမည်ဟု ဆိုသည်။
ဝင်ငွေခွန် တိကျစွာထမ်းဆောင်ခြင်းကြောင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း၊ ပျက်စီး၊ ပျောက်ဆုံး နိုင်ငံကူးလက်မှတ်အား အသစ်လျှောက်ထားခြင်း၊ မည်သူမည်ဝါဖြစ်သည်ဟု သက်သေခံလက်မှတ် (COFI) လျှောက်ထားခြင်းစသည့် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် အလွယ်တကူဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဝင်ငွေခွန် ကင်းရှင်းကြောင်း အထောက်အထားမပြနိုင်ပါက ဆက်လက်ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း သိရသည်။

ဗြိတိန်ကျွန်းစု၊ လန်ဒန်မြို့ရှိ မြန်မာသံရုံးသည် ဝင်ငွေခွန်ထမ်းဆောင်သူများအား QR Code အမှတ်အသားပါ 'အခွန်ပေးသွင်းမှု အထောက်အထားလက်မှတ်'အား ထုတ်ပေးသွားမည်ဖြစ်ကာ ဗြိတိန်နိုင်ငံနှင့် ချုပ်ဆိုထားသည့် အခွန်နှစ်ထပ်ကျသင့်မှု မရှိစေရေး သဘောတူစာချုပ် (Double Taxation Agreement) အရ ဗြိတိန်တွင် အခွန်ဆောင်ထားကြောင်း အထောက်အထား (P60) ပြသနိုင်ပါက ဝင်ငွေခွန်ထပ်မံ ပေးဆောင်ရန် မလိုအပ်ဟုဆိုသည်။

ဝင်ငွေခွန်ထမ်းဆောင်ရာတွင် ဝင်ငွေသတ်မှတ်နှုန်းအတိုင်း သုံးလ (သို့) ခြောက်လတစ်ကြိမ် စသည်ဖြင့် မိမိဆန္ဒအ လိုက်ထမ်းဆောင်နိုင်ကာ သာမန်နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် လျှောက်ထားသူ များသည် စတင်လျှောက်ထားစဉ်တွင် အခွန်တစ်ပါတည်းပေးဆောင်ရန် မလိုအပ်ဘဲ သက်တမ်းတိုးရန်ခွင့်ပြုချက် ရရှိချိန်တွင် ဝင်ငွေခွန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း မြန်မာသံရုံး လန်ဒန်မှ ကြော်ငြာထားသည်။
