ရန်ကုန်၊ အောက်တိုဘာ ၂
ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စစ်ရေးနှင့်မသက်ဆိုင်သော ကုန်စည်ကူးသန်းရောင်းဝယ် သွားလာနေကြသော အရပ်ဘက်သင်္ဘောများကို နှောင့်ယှက်တိုက်ခိုက်နေသော အကြမ်းဖက်အဖွဲ့ဝင်များကို တပ်မတော်မှ ရှင်းလင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းထုတ်ပြန်ချက်အရ ပြည်သူများမှ မတ္တရာမြို့နယ်အတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများတွင် PDF အမည်ခံ အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်ကြောင်းနှင့် ၎င်းတို့ လှုပ်ရှားသွားလာနေမှုများအား တပ်မတော်စစ်ကြောင်းများသို့ သတင်းပေးပို့လာသဖြင့် အကြမ်းဖက် ချေမှုန်းရေး စစ်ဆင်ရေးကို စက်တင်ဘာလ ၂၀ ရက်မှ စတင်၍ ဆောင်ရွက်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားရာ ၎င်းကျေး ရွာများမှ အကြမ်းဖက်သမားများသည် စက်လှေများဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆုတ်ခွာထွက်ပြေးသွားသည့် အကြမ်းဖက်သမားများနောက်သို့ ထပ်ကြပ်မကွာ လိုက်လံရှင်းလင်းရာ မတ္တရာမြို့နယ် သုံးဆယ်ပေးကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများ၌ အကြမ်းဖက်သမားများ နေထိုင်အသုံးပြုခဲ့သည့် အသုံးအဆောင် ပစ္စည်းများကို တွေ့ရှိရပြီး လူနေအိမ်များကို အကာအကွယ်ရယူ၍ တည်ဆောက်ထားသော သဲအိတ်ဘန်ကာများ၊ ဆက်သွယ်ရေးမြောင်းများ၊ ပစ်ကျင်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကုန်းတန်းလေးကျေးရွာ၊ ကုန်းတန်းကြီးကျေးရွာ၊ ဘိုကုန်းကျေးရွာ၊ ကြိမ်တောကျေးရွာ၊ ဘုရားမကုန်းကျေးရွာ၊ ဆူးလေကုန်းကျေးရွာ၊ ရွှေဘောင်ကျေးရွာ၊ သဖန်းဒေါင့်ကျေးရွာ၊ ငယ်တိုးကျေးရွာနှင့် သနပ်ကုန်းကျေးရွာများတွင် လိုအပ်သည့် လုံခြုံ ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ကျေးရွာများတွင် PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းများကို သိမ်းဆည်းရမိခဲ့ပြီး ၎င်းကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ လူနေအိမ်ခြံစည်းရိုးများ၌ အုတ်များ၊ သံပီပါများဖြင့် ပြုလုပ်ထားသည့် ဘန်ကာများ၊ ဆက်သွယ်ရေးတူးမြောင်းများနှင့် ပစ်ကျင်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
PDF အမည်ခံအကြမ်းဖက်သမားများသည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများတွင် ခိုအောင်းလှုပ်ရှားနေပြီး လူနေအိမ်များ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများကို အကာအကွယ်ယူ၍ ပြည်သူလူထုအသုံးပြုနေသောစစ်ရေးနှင့် မသက်ဆိုင်သည့် ခရီးသွား သင်္ဘောများ၊ ကုန်စည်ပို့ဆောင်ရေးသင်္ဘောများကို ပစ်ခတ်တိုက်ခိုက်ခြင်းများ ကျူးလွန်ခဲ့ရာ ၂၀၂၁ ခုနှစ်မှစ၍ ယနေ့အချိန်အထိ စုစုပေါင်း ၁၄၆ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထူးမြတ်