Breaking

၁၀ လအတွင်း ဆန်တန်ချိန် တစ်သန်းကျော်၊ ပဲတန်ချိန် တစ်သန်းကျော်နှင့် ပြောင်းတန်ချိန် ငါးသိန်းကျော် ပြည်ပသို့ တင်ပို့ခဲ့

၂၀၂၄  ၊ ဖေဖော်ဝါရီ ၁၄
    မြန်မာနိုင်ငံသည် ဥရောပ၊ အာဖရိကနှင့် အာရှနိုင်ငံများသို့ ဆန်နှင့်ဆန်ထွက်ပစ္စည်းများ၊ ပဲအမျိုးမျိုးနှင့် ပြောင်းစသည့် လယ်ယာထွက်ကုန်များကို တင်ပို့၍ ဌာနနှင့် နိုင်ငံတော်အတွက် နိုင်ငံခြားငွေကို တစ်ဖက်တစ်လမ်းမှ ရှာဖွေပေးလျက်ရှိရာ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်(ဧပြီမှ ဇန်နဝါရီ အထိ) စုစုပေါင်း ဆန်တန်ချိန် ၁၀၈၁၃၈၈ တန်၊ ပဲတန်ချိန် ၁၁၃၅၈၁၆ တန်နှင့် ပြောင်း တန်ချိန် ၅၂၅၅၆၆ တန်တို့ တင်ပိုခဲ့ပြီးဖြစ်သည်။
    အဓိကတင်ပို့သည့် ဆိပ်ကမ်းဖြစ်သော မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်စီမံခန့်ခွဲလျက်ရှိ သည့် ရန်ကုန်ဆိပ်ကမ်း သည် ယင်းကုန်ပစ္စည်းများ တင်ပို့ရာတွင် အထွေထွေ ကုန်စည်သင်္ဘောများကို အသုံးပြု၍ သင်္ဘောဝမ်းဗိုက်အတွင်း ပုံသည့်စနစ်ဖြင့် ပြည်ပသို့ ဆန်တင်ပို့လျက်ရှိသည့်အပြင် (ကွန်တိန်နာ) ကုန်သေတ္တာသင်္ဘောများကိုပါ အသုံးပြု၍ တင်ပို့လျက်ရှိကြောင်း သိရသည်။
    လစဉ် ရန်ကုန်ဆိပ်ကမ်းသို့ ကုန်သွယ်သင်္ဘောအစင်းရေ ၆၀ ဝန်းကျင်ခန့် ဆိုက်ကပ်ကုန် သွယ်လျက်ရှိပြီး ယခုနောက် ပိုင်းနှစ်များတွင် နှစ်စဉ်အစင်းရေ ၆၀၀ ကျော် ပုံမှန်ဆိုက်ကပ် ကုန်သွယ်မှုပြုလုပ်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
    ယခုလ ဖေဖော်ဝါရီ ၁၀ ရက်ကလည်း ဆူးလေအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဝင်းအတွင်းရှိ ဆူးလေဆိပ်ကမ်း တံတား အမှတ်(၇)တွင် အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၁၈၀၀၀ ကျော် တင်ပိုမည့် MV. VTC PHOE NIX  သင်္ဘောပေါ်သို့ ဆန်တင် လုပ်ငန်းဆောင်ရွက်ခဲ့ပြီး  ဆူးလေဆိပ်ကမ်း တံတားအမှတ် (၂) နှင့် အမှတ် (၅) တို့တွင် စပိန်နိုင်ငံနှင့် ပိုလန်နိုင်ငံတို့သို့ တင်ပို့ရန် ဆန်နှင့်ဆန်ထွက်ပစ္စည်းများ သင်္ဘောများပေါ်သို့ တင်ဆောင်ခြင်းလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးမှ သိရသည်။ 
    ယခုကဲ့သို့ တင်ပို့ရန်အတွက် ဆူးလေအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဝင်းအတွင်းတွင် သိုလှောင်ရုံ ခုနစ်လုံးရှိပြီး လက်ရှိတွင် သိုလှောင်ရုံလေးလုံး ပြုပြင်မွမ်းမံခြင်း ဆောင်ရွက်နေကာ သိုလှောင်ရုံ လေးလုံးအနက် နှစ်လုံးမှာ ၂၀၂၄ ခုနှစ် မတ်လတွင် ပြီးစီးမည်ဖြစ်ပြီး ကျန်သိုလှောင်ရုံ နှစ်လုံးမှာ ၂၀၂၄ ခုနှစ် မေလကုန်ခန့်တွင် ပြီးစီးမည် ဖြစ်သည်ဟုသိရသည်။ 

Total Views ~ 198

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43996

© 2022 - 2025 News. All Rights Reserved.