၂၀၂၄ ၊ ဖေဖော်ဝါရီ ၁၄
၂၀၂၄ နွေစပါးစိုက်ပျိုးရာသီကာလအတွက် ချေးငွေထုတ်ချေးပေးခြင်းအား ယခု ဖေဖော်ဝါရီလအတွင်း ထုတ်ချေးပေးမည်ဖြစ်ပြီး လယ်ယာမြေ ၁၀ ဧကအထက်ရှိသည့် တောင်သူများကို ထုတ်ချေး ပေးမည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် မှပြောသည်။
လောလောဆယ်တွင် နွေစပါး စိုက်ပျိုးနေသည့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် နေပြည်တော်ကောင်စီနယ်မြေမှ တောင်သူဦးရေ တစ်သိန်းကို ချေးငွေထုတ်ပေးရန် ကနဦး စိစစ်ရွေးချယ်ထားပြီး ကာလတိုချေးငွေအဖြစ် ယခုလ လယ်ပိုင်းတွင် ထုတ်ပေးသွားမည်ဟုဆိုသည်။
ချေးငွေရယူရန် ရွေးချယ်ခံရသည့် တောင်သူများအား လယ်ယာမြေတစ်ဧကလျှင် ငွေကျပ် လေးသိန်းနှုန်းဖြင့် ထုတ်ချေး ပေးမည်ဖြစ်ပြီး ချေးငွေကာလအား ကာလတို နွေးစပါးသီးနှံပေါ်ချိန်အထိ ဖြစ်ပြီး အတိုးနှုန်းအားဖြင့် တစ်နှစ်အတွက် ၁၀ ရာခိုင်နှုန်း သတ်မှတ်ထားသည်ဟုဆိုသည်။
ယင်း ချေးငွေများကို မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် (MRF)နှင့် ပုဂ္ဂလိက ဘဏ်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ချေးငွေလျှောက်ထားခြင်းအား ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှ စတင်ခွင့်ပြုခဲ့ကာ ယခုလအတွင်း ပုဂ္ဂလိက ဘဏ်များမှတစ်ဆင့် ထုတ်ချေးပေးသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံ ဆန်းစပါးအသင်းချုပ်သည် ချေးငွေရယူလိုသည့် တောင်သူများအား လျှောက်ထားသူအမည်၊ အဘအမည်၊ နိုင်ငံသားကတ်အမှတ်၊ ပုံစံ(၇)အရ ''အမည် ပေါက်(တိုင်းဒေသကြီး/ ပြည်နယ်/မြို့နယ်၊ ကျေးရွာအုပ်စု/ကျေးရွာ၊ ကွင်း/ဦးပိုင်)၊ ဧရိယာဧက စုစုပေါင်း၊ ဖွံ့ဖြိုးရေးချေးငွေရ ယူလိုသော ဧက၊ ဖွံ့ဖြိုးရေးချေးငွေလျှောက် ထားလိုသည့် စပါးရာသီ၊ ၂၀၂၃ ခုနှစ် နွေစပါး။ ၂၀၂၄ ခုနှစ် မိုးစပါး၊ ဖွံ့ဖြိုးရေးချေး ငွေ ရယူလိုသည့် (လ/ခုနှစ်)၊ လျှောက်ထား သူ၏ နေရပ်လိပ်စာ စသည်များကို ဖြည့်သွင်းပြီး မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်သို့ Email? Viber Phone No (09400067240) (သို့မဟုတ်) အခြားနည်းလမ်းအရဖြစ်စေပေးပို့ လျှောက်ထားရန် အသိပေးခဲ့ပြီး တောင်သူ ဦးရေတစ်သိန်းကို ကနဦးစိစစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
လက်ရှိကာလ မြန်မာနိုင်ငံအောက်ပိုင်း နွေစပါး စိုက်ပျိုးနိုင်သည့်ဒေသများတွင် နွေစပါးကို စိုက်ပျိုးနေကြပြီး မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင်မူ နွေစပါးအား ဧပြီ၊ မေလများတွင် စတင်စိုက်ပျိုးလေ့ရှိ ကြောင်း သိရသည်။