Breaking

၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံတင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၆၄ ဘီလီယံခန့် ရရှိရန် ခန့်မှန်းထား

၂၀၂၄ ၊ ဇန်နဝါရီ ၁၀

    ၂၀၂၃-၂၄ ခုနှစ်ဘဏ္ဍာနှစ် အတွင်းပြည်ပနိုင်ငံများ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၄ ဘီ လီယံအထိ ရရှိရန် ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည် များအသင်းမှ သိရသည်။
    မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း တာဝန်ရှိသူတစ်ဦးက "မနှစ်ကဆိုရင်လည်း ကျွန်တော်တို့ တန်ချိန် ၁ ဒသမ ၉ သန်းလောက် တင်ပို့နိုင်ခဲ့ပြီး ဒီနှစ်မှာလည်း အဲဒီပတ်ဝန်းကျင် လောက်အထိ တင်ပို့နိုင်ဖို့ လျာထားပါတယ်။ အရင်နှစ်တွေရဲ့ အခြေအနေကို ပြန်သုံးသပ် ပြီး ဒီနှစ်လည်း အရင်နှစ်တွေရဲ့ တင်ပို့နှုန်း အတိုင်း ဖြစ်ခဲ့မယ်ဆိုရင်တော့ တန်ဖိုးအား ဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၄ ဘီ လီယံလောက်အထိ တင်ပို့ငွေရရှိနိုင်ဖို့မှန်းထားတယ်"ဟု ပြောကြားခဲ့သည်။
    လက်ရှိ ဘဏ္ဍာနှစ် ကိုးလတာအတွင်း ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံတန်ချိန် တစ်သန်းကျော်အထိ တင်ပို့ထားနိုင်ခဲ့ပြီး ကျန် ရှိနေသည့် ကာလအတွင်း လျာထားတန်ချိန် ပြည့်မီရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံ တင်ပို့သည့် ပျမ်းမျှတန်ချိန် နှစ်သန်းခန့်ရှိခဲ့ပြီး ပဲတင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၄၇ ဘီ လီယံအထိ နိုင်ငံခြားဝင်ငွေရရှိခဲ့ကြောင်း သိ ရသည်။
    မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ ရာခိုင်နှုန်း ၂၀ သည် ပဲမျိုးစုံစိုက်ပျိုးလျက်ရှိပြီး လက်ရှိတင်ပို့နေသည့် ပို့ကုန်အများစုတွင် ပဲမျိုးစုံသည် အဓိကပို့ကုန်အဖြစ် တင်ပို့လျက်ရှိကြောင်း၊ ဒေသထွက်ပဲမျိုးစုံကို နိုင်ငံ တကာသို့ တင်ပို့ရာတွင် ကုန်ကြမ်းများတင်ပို့ နေခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်တင်ပို့နိုင်ပါက ပို့ကုန်တန်ဖိုး ပိုမို များပြားလာနိုင်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
    နိုင်ငံတကာ ဈေးကွက်အတွင်း ယှဉ်ပြိုင်နိုင်ရန် တောင်သူများအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အထကောင်းများ ကို ကျင့်သုံး၍ မိမိတို့ပို့ကုန်များ၏ အရည်အသွေးကောင်းမွန်ခြင်း၊ ကျန်းမာရေးနှင့် ပြည့်စုံခြင်း၊ ဘေးဥပဒ်ကင်းရှင်းခြင်းစသည့် အချက်များနှင့် ကိုက်ညီစေရန် ကြိုးစား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။

Total Views ~ 324

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43960

© 2022 - 2025 News. All Rights Reserved.