ရန်ကုန်၊ ဇွန် ၁၈
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၄ ဖြင့် မြန်မာနိုင်ငံ၏ ဝန်ကြီးဌာန ခြောက်ခုက အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းစုစုပေါင်း ၁၂ ခုအတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ သန်းခန့်ကို တရုတ်နိုင်ငံက မြန်မာနိုင်ငံထံသို့ လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
ဇွန်လ ၁၄ ရက်က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးထူ ထောင်မှု (၇၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၄ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းမှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးသည့် အခမ်းအနားမှ သိရသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူဝါဒအပေါ် အခြေခံကာ ၂၀၁၁ ခုနှစ်တွင် နှစ်နိုင်ငံ ဆက်ဆံရေးအား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုသို့ မြှင့်တင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် မြန်မာ-တရုတ် မျှဝေသော အနာဂတ်အသိုက်အဝန်းသို့ ဆက်လက် တိုးမြှင့်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးချုပ်က တရုတ်နိုင်ငံ၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်းများနှင့်အတူ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုကို အလေးပေးပြောကြားခဲ့ပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်ရှိ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် ခုနစ်ခုတွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် စီမံကိန်းများကို ထောက်ပံ့ပေးအပ်သည့် တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိ ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည် သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အပါအဝင် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများနှင့် နှစ်နိုင်ငံရေးရာနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာပြည်သူများ၏ အကျိုးစီးပွားအတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်းများ အကောင်အထည် ဖော်ရာတွင် ဆက်လက်၍ အကူအညီပေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံ ငွေ ၂၀၂၄ ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မည့် စီမံကိန်းများအတွက် ရန်ပုံငွေလွှဲ ပြောင်းမှုဆိုင်ရာ သဘောတူညီချက်ကို နိုင်ငံ ခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့က လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။
အဆိုပါ သဘောတူညီချက်အရ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၄ ဖြင့် မြန်မာနိုင်ငံ၏ ဝန်ကြီးဌာန ခြောက်ခုက အကောင်အထည် ဖော်ဆောင်ရွက်မည့် စီမံကိန်းစုစုပေါင်း ၁၂ ခုအတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ သန်းခန့်ကို တရုတ်နိုင်ငံက မြန်မာနိုင်ငံထံသို့ လွှဲပြောင်း ပေးအပ်မည် ဖြစ်ပါသည်။ အဆိုပါ စီမံကိန်း ၁၂ ခုကို စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ သစ်တောဆိုင်ရာ အရင်းအမြစ်များ ကာ ကွယ်ထိန်းသိမ်းရေး၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများတွင် သဘာ၀ ပတ်ဝန်းကျင်ကို အကျိုးပြုသော အလေ့အ ထနှင့် တီထွင်ဆန်းသစ်မှုများ ဆောင်ရွက်ရေး၊ ကျေးရွာအဆင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ သတင်းအချက်အလက် နည်းပညာဆိုင်ရာ တီထွင်ဆန်း သစ်မှုနှင့် ယဉ်ကျေးမှုကဏ္ဍ မြှင့်တင်ရေးစသည့် နယ်ပယ်များ၌ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ် နိုင်ငံက ထောက်ပံ့ပေးအပ်သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေမှ တစ်ဆင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၃၅ သန်းခန့် တန်ဖိုးရှိသော ကဏ္ဍပေါင်းစုံစီမံကိန်း ၁၁၈ ခုကို လက်ခံရရှိပြီးဖြစ်ကြောင်း သိရသည်။