Breaking

၂၀၂၄ ခုနှစ်အတွင်း ပြည်ပခရီးသွား သုည ဒသမ ၆ သန်း ဝင်ရောက်ထားပြီး တရုတ်နှင့်ထိုင်းခရီးသွား အများဆုံးဝင်ရောက်

ရန်ကုန်၊ ဇူလိူင် ၁၇
    ၂၀၂၃-၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု အချက်အလက်များအနေဖြင့် ၂၀၂၃ ခုနှစ် အတွင်း ကမ္ဘာလှည့်ခရီးသွား ဧည့်သည် ၁ ဒသမ ၂၈ သန်း လာရောက်ခဲ့ကာ ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက လေးဆခွဲတိုးတက် ဝင်ရောက်ခဲ့ပါကြောင်း၊ ခရီးသွားဧည့်သည် ဝင်ရောက်မှုအများဆုံး နိုင်ငံများအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့ ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၂၄ ခုနှစ် ဇွန်လအထိ နိုင်ငံတကာခရီးသွားဧည့်သည် သုည ဒသမ ၆ သန်း ဝင် ရောက်ခဲ့ပါ ကြောင်း၊ ၂၀၂၃ ခုနှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၆၃ ရာခိုင်နှုန်း တိုးတက်ရောက်ရှိခဲ့ပါကြောင်း၊ အဓိကအားဖြင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ခရီးသွားဧည့်သည် ဝင်ရောက်မှုအများဆုံး ဖြစ်ပါကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၏ ပြောကြားချက်အရ သိရသည်။
    အကြိမ်(၆၀)မြောက် အာဆီယံခရီး သွားလုပ်ငန်း အာဏာပိုင်အဖွဲ့အစည်အဝေး၊ (၄၅)ကြိမ် မြောက် အာဆီယံ+တရုတ်၊ ဂျပန်၊  ကိုရီးယားခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ အစည်းအဝေး၊ (၃၂) ကြိမ်မြောက် အာဆီယံ+အိန္ဒိယ ခရီးသွားလုပ်ငန်း အဖွဲ့အစည်းအဝေးတို့ကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ Video Conferencing စနစ်ဖြင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရာ အစည်းအဝေးများ၏ ဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက် အဖွင့်အမှာစကားပြောကြားရာ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
    ပြည်ထောင်စုဝန်ကြီးက အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်းတိုးတက်ရေး နှင့် ပိုမိုအဆင့်မြှင့်တင်ရေးအတွက် အဖွဲ့ဝင် နိုင်ငံအလိုက် ခိုင်မာသော ကတိကဝတ်များအဖြစ် အသိအမှတ်ပြုပါ ကြောင်း၊ ကိုဗစ်အလွန်ကာလ ခရီးသွားလုပ်ငန်းများ ပြန်လည် ဦးမော့လာရေးနှင့် အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ကြိုးပမ်း ဆောင်ရွက်မှုများကို ဂုဏ်ယူဝမ်း မြောက်ပါကြောင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအပြင် တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် အိန္ဒိယနိုင်ငံများ၏ ပံ့ပိုးကူညီမှု၊ အပြန်အလှန်ပူးပေါင်းဖလှယ်မှုနှင့် ဒေသတွင်းခရီး သွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုများတွင် ဆောင်ရွက်ခဲ့မှုများကိုလည်း အသိအမှတ်ပြုပါကြောင်း ပြော ကြားခဲ့သည်။
    ထို့အပြင် အာဆီယံခရီးသွား လုပ်ငန်းမဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၅ နှင့်ဆက်စပ် ပူးပေါင်းဆောင်ရွက်မှု မူဘောင်များအရ အာဆီယံဒေသတွင်းခရီးသွားလုပ် ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ ရေရှည်တည်တံ့သည့် ခရီးသွားလုပ်ငန်းနှင့် ပူးပေါင်းဈေးကွက်မြှင့်တင် ခြင်းများကို တိုးမြှင့်ဆောင်ရွက်စေလိုပါ ကြောင်း၊ ၂၀၂၅ အလွန် အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာ ရေးဆွဲ ရေးစီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ်၏ အကူအညီဖြင့် ဖိလစ်ပိုင်နိုင်ငံမှ ဦးဆောင်ရေးဆွဲဆောင်ရွက် နေခြင်းအပေါ် ကျေးဇူးတင်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းပါဝင်ဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း၊ အာဆီယံခရီးသွားလုပ်ငန်း တိုးတက်မှုများကို မြှင့်တင်ရာ တွင် ကူညီထည့်ဝင်ပံ့ပိုးပေးခဲ့သည့် အတွေ့အကြုံကောင်းများနှင့် ကျွမ်းကျင်မှုများအတွက် ပါဝင်သက်ဆိုင်သူ အားလုံးကို  ကျေးဇူးတင်ရှိပါကြောင်း၊ ယခုအစည်းအဝေး များမှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံများအကြား  ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည့် ခရီးသွားလုပ်ငန်းများအဖြစ် ပုံဖော်ပေးနိုင်မည့် အသွင်ကူးပြောင်းရေးဆိုင်ရာ ရလဒ်များ ထွက်ပေါ်လာနိုင်မည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

Total Views ~ 359

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43844

© 2022 - 2025 News. All Rights Reserved.