၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိရန် ကြိုးပမ်း

ရန်ကုန်၊ အောက်တိုဘာ ၃၀
    မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရန် ကြိုးစားနေသကဲ့သို့ နိုင်ငံတကာစွမ်း အင်အခင်းအကျင်း၏ တိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှုများကို မျှဝေခံစားနိုင်ရန် Belt and Road Initiative အောက်တွင် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုများကို အလေးပေးဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြောသည်။
    တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်တုန်ပြည်နယ် ချင်းတောင်မြို့၌ အောက်တိုဘာ ၂၃ ရက်မှ ၂၄ ရက်အထိ ကျင်းပသည့် တတိယအကြိမ်မြောက်ရပ်ဝန်းနှင့် ပိုးလမ်းမစွမ်းအင်ဝန်ကြီးများကွန်ဖရင့်သို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပြီး  ဖိုရမ်ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
    ပြောကြားရာတွင် Belt and Road Energy Partnership (BREP) စတင်ခဲ့သည့် လွန်ခဲ့သောငါးနှစ်အတွင်း BREP အဖွဲ့ဝင်နိုင်ငံများနှင့် ပြည်သူများ၏ အာရုံစိုက်မှုနှင့် အလေးထားမှုများ ပိုမိုရရှိလာကာ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုပလက်ဖောင်း တစ်ခုသို့ ရောက်ရှိနေသည်မှာ သိသာထင်ရှားကြောင်း၊  မြန်မာနိုင်ငံအနေဖြင့် “Belt and Road Green Energy Cooperation Action Plan (2024-2029)” ကို အကောင်အထည် ဖော်ရာတွင် BREP အဖွဲ့ဝင်များနှင့်အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်အမျိုးသား စွမ်းအင်အုပ်ချုပ်ရေးအဖွဲ့ (National Energy Administration-NEA) ၏ ဥက္ကဋ္ဌ Mr. Zhang Jianhua နှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ တရုတ်-မြန်မာ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ရှေ့ဆက်ဆောင်ရွက်ရန်များကို ဆွေးနွေးကြသည်။
    ထို့အပြင် မြန်မာနိုင်ငံတွင် ပြန်ပြည့်မြဲစွမ်းအင် အရင်းအမြစ်ဖြင့် ဓာတ်အားထုတ်လုပ်ဆဲ (သို့မ ဟုတ်) စီမံကိန်းအသစ်များတွင် Green Growth Models နှင့် ESS တို့ အသုံးပြုတည်ဆောက်နိုင်မည့် အခွင့်အလမ်းများစွာ ရှိနေသည့်အတွက် အစိမ်းရောင်စွမ်းအင်သုံးစွဲသည့် မြန်မာနိုင်ငံ (Myanmar Green) ဖြစ်စေရေး ဆောင်ရွက်ခြင်းမှ တစ်ဆင့် အစိမ်းရောင်စွမ်းအင်သုံးစွဲသော အာရှ (Asia Green) ဖြစ်စေနိုင်မည် ဖြစ်သည့်အတွက် မိတ်ဖက်အဖွဲ့အစည်းများအား လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။ ထူးမြတ်

Total Views ~ 208

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43731

© 2022 - 2025 News. All Rights Reserved.