ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)စစ်ဦးစီးချုပ်အပါအဝင် သုံးဦးကို ရခိုင်အမျိုးသား အဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) အဖွဲ့က အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှု ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ယင်းအဖွဲ့က ယနေ့(ဇန်နဝါရီ ၅)ထုတ်ပြန်လိုက်သည်။
ALP
စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊အမှတ်(၁၀၁) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးခိုင်ကျော်စိုးနှင့် ဗိုလ်ကြီးခိုင်သူရိန်တို့ သုံးဦးသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နံနက် ၈ နာရီကျော်တွင် စစ်တွေမြို့၌ ကားဖြင့်သွားနေစဉ် AA အကြမ်းဖက်လုပ်ကြံခဲ့သည့်အတွက် စီးလာသောကားပေါ်တွင်ပင် သေနတ်ဒဏ်ရာများစွာဖြင့် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ရခိုင်အမျိုးသားအချင်းချင်းကြား လူသားမဆန် အကြမ်းဖက်လုပ်ကြံခြင်းသည် ရခိုင်တစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်စီးစေသည်သာမက ရခိုင်ပြည်သူများကိုပါ တုန်လှုပ်ခြောက်ခြားစေသည့်အတွက် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်းနှင့် AA က ALP ပါတီ/တပ်မတော်မှ ခေါင်းဆောင်များ၊ ပါတီဝင်များနှင့်တပ်ဖွဲ့ဝင်များအား ဖမ်းဆီးနှိပ်စက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းတို့ကိုပြုလုပ်လျှက်ရှိသည်သာမက ရခိုင်နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ ပါတီဝင်များ၊ အပြစ်မဲ့ ရဟန်းသံဃာများနှင့် ပြည်သူများကိုပါမချန် ဥပဒေမဲ့ဖမ်းဆီးနှိပ်စက်ခြင်းများ၊ လုပ်ကြံသတ်ဖြတ်ခြင်းများကို ဆက်တိုက်ပြုလုပ်နေခြင်းအတွက် တရားမျှတမှုရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ALP ကထုတ်ပြန်ခဲ့သည်။