CVLMS စနစ်ဖြင့် မဲစာရင်းများပြုစုရာတွင် မဲဆန္ဒနယ်များအလိုက် မဲစာရင်းများနှင့် ရွေးကောက်ပွဲတစ်ရပ်၏ အချက်အလက်များကို အလွယ်တကူသတ်မှတ်နိုင်မည်

ရန်ကုန်၊ စက်တင်ဘာ ၉
    ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်(CVLMS)ဖြင့် မဲစာရင်းများပြုစုရာတွင် မဲဆန္ဒရှင်စာရင်းများနှင့် ရွေးကောက်ပွဲ တစ်ရပ်၏ အချက်အလက်များကို အလွယ်တကူသတ်မှတ်ပြီး ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်သို့ အချိန်နှင့်တစ်ပြေးညီ အကြောင်းကြားနိုင်ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော် မရှင်မှ သိရသည်။
    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှု စနစ်(CVLMS) အဆင့်မြှင့် မွမ်းမံထားသည့် အခြေအနေ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို စက်တင်ဘာ ၆ ရက်က ရွေး/ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
    ယင်း အခမ်းအနားတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ကော်မရှင်အနေဖြင့် CVLMS စနစ်ကို တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဝန်ထမ်းများကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် CVLMS စနစ် အသုံးပြုနည်း သင်တန်းများ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း၊ CVLMS စနစ်နှင့်ပတ်သက်၍ အတွေ့အကြုံများ၊ အကြံဉာဏ်များကို တစ်ဦးနှင့်တစ်ဦး မျှဝေနိုင်ရန် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခဲ့ပြီး အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲများမှရရှိသည့် အကြံပြုချက်များအရ CVLMS စနစ် အဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ယခုလို ဆောင်ရွက်ခြင်းဖြင့် Ad-min and DEO Software နှင့် CVLMS စနစ်ကို မဲစာရင်းများပြုစုရာတွင် မဲဆန္ဒနယ်များ အလိုက် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုမဲရုံများအတွက် မဲဆန္ဒရှင်စာရင်းများနှင့် ရွေးကောက်ပွဲတစ်ရပ်၏ အချက်အလက်များကို အလွယ်တကူသတ်မှတ်ပြီး ကော်မရှင်အဖွဲ့ ခွဲအဆင့်ဆင့်သို့ အချိန်နှင့်တစ်ပြေးညီ အကြောင်းကြားနိုင်ခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားခဲ့သည်။
    ထို့အပြင် CVLMS စနစ်မှာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာနယ်မြေများကို ပြောင်းလဲပြင်ဆင် ထပ်တိုးပယ်ဖျက်ခြင်းများရှိပါက အချက်အလက်များ ထိခိုက်မှုမရှိဘဲ ပြင်ဆင်နိုင်ခြင်း၊ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဲစာရင်းများကို မှန်ကန်ပြည့်စုံအောင် နည်းပညာဖြင့် ဆောင်ရွက်နိုင်ခြင်း၊ မဲရုံများလွယ်ကူစွာသတ် မှတ်နိုင်ခြင်း၊ မဲစာရင်းတွင် အသက်(၁၈)နှစ် မပြည့်သေး သူများ၊ သေဆုံးသူများ မပါဝင်စေရန်နှင့် မဲစာရင်းများ မထပ်စေရန် စိစစ်ဆောင်ရွက်နိုင်ခြင်းတို့အပြင် FPTP ၊ PR ရွေးကောက်ပွဲစနစ် နှစ်မျိုးလုံးတွင် အသုံးပြုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရွေး/ကော် ဥက္ကဋ္ဌ ဦးကိုကို၏ ပြောကြားချက်အရ သိရသည်။ ညီသစ်

Total Views ~ 175

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43807

© 2022 - 2025 News. All Rights Reserved.