၂၀၂၃ ဧပြီ ၂၄
ဧပြီလဆန်းမှ စတင်ကာ ပြည်တွင်း၌ ကိုဗစ်ရောဂါကူးစက်မှု မြင့်တက်လာသည့်အတွက် ကိုဗစ် (၁၉) မျိုးဗီဇပြောင်းပိုး XBB.1.16 ကို ကြိုတင်ကာကွယ်ရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဧပြီလ (၂၀) ရက်နေ့ ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံ (၃၁) နိုင်ငံနှင့် မြန်မာ နိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံအချို့တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ ကိုဗစ် – ၁၉ ရောဂါ ကူးစက်မှုများ မြင့်တက်လာကြောင်း သိရသည်။
အဆိုပါ ရောဂါဖြစ်ပွားမှု မြင့်တက်လာသည့် အခြေအနေတွင် ကိုဗစ် – ၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး XBB. 1.16 (Arcturus) ကူးစက်ဖြစ်ပွားမှုများလည်း ပါဝင်နေပြီး မြန်မာနိုင်ငံတွင်လည်း ၂၀၂၃ ခုနှစ်၊ ဧပြီလဆန်းမှစတင်ကာ ကိုဗစ် – ၁၉ ရောဂါ ပြည်တွင်းကူးစက်မှု ပြန်လည်မြင့်တက်လာကြောင်း အသိပေးထားသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ဧပြီလ (၁၉) ရက်မှ စတင်ကာ တစ်ပတ်အတွင်း ပြည်တွင်း၌ ကိုဗစ် (၁၉) ရောဂါ ကူးစက်မှုအနေဖြင့် (၁၇၀) ကျော်အထိ ကူးစက်ခံထားရပြီး ယင်းထဲမှ ထက်ဝက်နီးပါးသည် ပြည်တွင်းကူးစက်မှုများဖြစ်ကြောင်း သိရသည်။
XBB. 1.1 6 သည် ယခင်တွေ့ရှိခဲ့သည့် မျိုးရိုးဗီဇပြောင်း ရောဂါပိုးများထက် (၁.၂၇) ဆအထိ ကူးစက်မှု ပိုမိုမြန် ဆန်သော်လည်း ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှု ပိုမိုမြင့်မားခြင်းမရှိကြောင်း သိရသည်။
ကုသမှုအပိုင်းတွင်လည်း လက်ရှိအသုံးပြုလျက်ရှိသည့် ဗိုင်းရပ်စ်ကုသဆေးဝါးများဖြင့် ကုသမှုပေးနိုင်ပြီး ကာကွ ယ်ရေးပိုင်းအတွက်လည်း မြန်မာနိုင်ငံတွင် လက်ရှိအသုံး ပြုလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ သည် ထိရောက်မှုရှိပြီး ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်မှု၊ ရောဂါကြောင့် သေဆုံးမှုကိုလျှော့ချနိုင်ကြောင်း သိရသည်။