ရန်ကုန်၊ သြဂုတ် ၆
မြန်မာ-တရုတ်နယ်စပ်ရှိ EAO နယ်မြေအချို့တွင် လက်နက်စက်ရုံများ တည်ထောင်နိုင်ရန်အတွက် ငွေကြေးနှင့် နည်းပညာအင်အားများကို မည်သည့်နေ ရာမှ ထောက်ပံ့နေသည်ကို ဆန်းစစ်ရမည် ဖြစ်ကြောင်း သြဂုတ် ၅ ရက်တွင် နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာအခြေအနေများနှင့်ပတ်သက်၍ ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
"နယ်စပ်မှာရှိတဲ့ EAO နယ်မြေအချို့မှာ လက်နက်ခဲယမ်းမီးကျောက်စက်ရုံများ တည်ထောင်ထား ပြီး လက်နက်များ၊ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်နေ တာကိုလည်း သိရှိရပါတယ်။ အဲ့ဒီ လက်နက်စက်ရုံတွေက ထုတ်လုပ်တဲ့ လက်နက်ခဲယမ်းတွေကို PDF အမည်ခံ အကြမ်းဖက်သမားတွေနဲ့ အခြား EAO အဖွဲ့တွေကို ထောက်ပံ့တာတွေ၊ ရောင်းချတာတွေ ပြုလုပ်နေတာကိုလည်း တွေ့ရှိ ရပါတယ်။ လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဖမ်းဆီးရမိတဲ့ လက်နက်တွေ၊ ခဲယမ်းအများစုဟာလည်း အဲ့ဒီစက်ရုံများက ထုတ်လုပ်တဲ့ လက်နက်ခဲယမ်းများ ဖြစ်တာကိုလည်း တွေ့ရှိရပါတယ်။ ဒီလို လက်နက်ခဲ ယမ်းမီးကျောက်စက်ရုံတွေ တည်ထောင်နိုင်ဖို့ဆိုတာ သာမန်အခြေအနေနဲ့ မရနိုင်ပါဘူး။ ငွေကြေးအင်အားနဲ့ နည်းပညာအင်အားများ များစွာလိုအပ်တာ ဖြစ်တာကြောင့် ဒီစက်ရုံတွေ လည်ပတ်ဖို့ငွေကြေးနဲ့ နည်းပညာအင်အား ဘယ်နေရာကရရှိတာလဲဆိုတာကိုလည်း ဆန်းစစ်သွားရမှာလည်း ဖြစ်ပါတယ်"ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ထို့အပြင် လက်နက်ကိုင်ပဋိပက္ခ သက်ဆိုးရှည်ရေးနှင့် မြန်မာနိုင်ငံအပေါ်တွင် ၎င်းတို့လိုချင်သည့် လက္ခဏာမျိုး ရရှိစေလိုသည့် ပြည်ပနိုင်ငံအချို့သည် လက်နက်ကိုင် သောင်းကျန်းသူများ၊ နိုင်ငံရေးသဘောထား ကွဲလွဲသူများက အကြမ်းဖက်လမ်းစဉ်ဆောင် ရွက်နေကြသည့် အဖွဲ့အစည်းများကို ငွေကြေးရရှိအောင်၊ အစားအသောက် ရရှိအောင်၊ ဆေးဝါးရရှိအောင်၊ လက်နက်ခဲယမ်း မီးကျောက်ရရှိအောင်၊ နည်းပညာများ ရရှိအောင်၊ အုပ်ချုပ်ထောက်ပံ့မှု အခွင့်အလမ်းများ ရရှိအောင် လုပ်ဆောင်လျက်ရှိပြီး မီဒီယာများကိုလည်း စိတ်ဓာတ်စစ်ဆင်ရေး လုပ်နိုင်ရန် ကူညီပေးလျက်ရှိသည်ကို လည်းတွေ့ရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
"မြန်မာနိုင်ငံတောင်ပိုင်းဒေသမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့များ ကိုင်ဆောင်နေတဲ့ လက်နက်များ ဟာဆိုရင်လည်း ထိုင်း-မြန်မာ နယ်စပ်မှောင်ခိုလမ်းကြောင်းကနေ တင်သွင်းလာတဲ့ လက်နက်များပဲ ဖြစ်ပါတယ်။ EAO အဖွဲ့တွေနဲ့ PDF အမည်ခံ အကြမ်းဖက်သမားတွေ ကိုင်ဆောင်နေတဲ့ ဆက်သွယ်ရေး စက်တွေ၊ Drone တွေ၊ လက်နက်ခဲယမ်းတွေဟာ အဆိုပါ အရင်းအမြစ်တွေက ရရှိတာပဲ ဖြစ်ပါတယ်။ MNDAA၊ TNLA အကြမ်းဖက်သောင်းကျန်းသူများနဲ့ ဆက်စပ်အဖွဲ့တွေသုံးနေတဲ့ Drop Bomb တွေ၊ ရှော့ခ်တိုက်ဒုံးတွေဟာ နည်းပညာအရ အဆင့်မြှင့်တင် ပြင်ဆင်ထားတဲ့ ပစ္စည်းများ ဖြစ်ကြောင်းလည်း တွေ့ရှိရပါတယ်။ သူတို့ သုံးစွဲနေတဲ့ ဒရုန်းတွေဟာ ပြည်ပဈေးကွက် မှာ ဝယ်ယူရရှိနိုင်ပေမယ့် ဒါတွေကို ပြင်ပကြေးစား နည်းပညာရှင်များနဲ့ ပူးပေါင်းပြီး နည်းပညာအရ အဆင့်မြှင့်တင်ထားတာတွေ၊ တိုက်ပွဲမှာ ပိုမိုအသုံးဝင်အောင် ပြုပြင်ထားတာတွေကိုလည်း တွေ့ရှိရပါတယ်"ဟု ဖြည့်စွက်ပြောကြားသည်။
သတင်းအဖွဲ့