ရန်ကုန်၊ အောက်တိုဘာ ၂
လျှပ်စစ်သုံးမော်တော်ယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းအပါအဝင် လုပ်ငန်းသစ်ရှစ်ခုကို ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၈/၂၀၂၄) ကြိမ်မြောက် အစည်းအဝေး၏ ထုတ်ပြန်ထားချက်အရ သိရသည်။
စက်တင်ဘာ ၃၀ ရက်ကနေ ပြည်တော်ရှိ ရုံးအမှတ် (၁၈) အစည်းအဝေး ခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။ အစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုး မြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ရေနံနှင့်သဘာ၀ ဓာတ်ငွေ့ကဏ္ဍနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ်ရှစ်ခုကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ခွင့်ပြုပေးသည့်လုပ်ငန်းများတွင် နိုင်ငံတော်က အားပေးမြှင့်တင်လျက်ရှိသည့် လျှပ်စစ်သုံးမော်တော်ယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ပါဝင်ကြောင်း သိရသည်။
လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၂၅၅ သန်းနှင့် ငွေကျပ် ၄၆၀၀၅ ဒသမ ၂၂၆ သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အ လမ်းပေါင်း ၁၉၇၂ ဦးကို ဖန်တီးပေးနိုင်မည်ဟု သိရသည်။
၂၀၂၄ ခုနှစ် သြဂုတ်လကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီးမြှုပ် နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ၊ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း သိရသည်။ စီးပွားရေးကဏ္ဍ ၁၂ ခု အနက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အ များဆုံး ဝင်ရောက်ထားသည့် ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၄၃ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာ၀ ဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၃၉ ရာ ခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၄၆ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ ထူးမြတ်