နေပြည်တော်၊ ဇွန်လ ၂၅
ကချင်ပြည်နယ် အင်းတော်ကြီးဒေသတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပေါ်နေပြီး KIA ၊ PDF များက ဒေသခံများကို သွားလာခွင့်များ ပိတ်ပင်ထားကာ အသက်အန္တရာယ် ခြိမ်းခြောက်မှု များပြုလုပ် နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
" KIA အင်းတော်ကြီးဘက်ကို တိုက်နေတယ်။ စစ်မျက်နှာက ကျယ်ကိုကျယ်လာတာ။ သူတို့က ဒီဘက်ကို အရောင်ပြတယ်။ ဟိုဘက်ကိုတိုက်တယ်။ ဟိုဘက်ကို အရောင်ပြ ဒီဘက်ကိုတိုက်။ ဘယ်လိုပြောရမလဲဆိုတော့ စခန်းကို အတည်တကျမထားဘူး။ တိုက်တယ် ပြန်ထွက်သွားတယ်။ တပ်မတော်က အချိန်မရွေး နယ်မြေပြန်လည် စိုးမိုးနိုင်တယ်ဆိုတာ သူတို့သိတယ်။ အဲဒီတော့ လှည့်ပတ်ပြီးတိုက်နေတာ။ အဓိကလမ်းတွေ ပိတ်လိုက်တော့ ဒေသခံတွေက အခြားတိုင်းနဲ့ပြည်နယ်တွေကို ဘယ်မှထွက်လို့မရဘူး။ အခုလက်ရှိကတော့ ဒေသခံတွေက မြစ်ကြီး နားကိုပြေးလာကြတယ်။ အခု အိမ်အငှားရော၊ အရောင်းဈေးကွက်ရော ဈေးတွေ မတရားထိုးတက်သွားတယ်။ စစ်ရှောင်စခန်းတွေမှာ မထားနိုင်တော့ ငှားနေကြတဲ့သူတွေရော၊ ဝယ်တဲ့သူတွေရော ဝယ်နေကြတာပေါ့။ အရင်တုန်းက ရာဂဏန်းလောက်ပဲရှိတဲ့ အိမ်ကို ထောင်နဲ့ချီ ဈေးခေါ်ထားတာ။ လက်ရှိက အင်းတော်ကြီး၊ ချောင်းဝဘက်ကို တိုက်နေတာ။ အဲဒီမှာ ပိတ်မိနေတဲ့ ပြည်သူ တွေရှိတယ်။ ဒီကောင်တွေက ရိုင်းတာ တစ်နေရာရာကို တိုက်ပြီးရင် အဲဒီမှာရှိတဲ့ ကျေးရွာတွေကလူတွေကို လုံးဝအပြင်မထွက်ရဘူး။ ထွက်မယ်ဆိုရင် သူတို့ခွင့်ပြုချက်ယူရတယ်။ ဘယ်နေရာအထိပဲသွား၊ အဲဒီနေရာ ကနေကျော်သွားရင် ပြန်ဝင်ခွင့်မရှိဘူး။ ဝင် ရင်သတ်မှာ"ဟု ၎င်းကပြောသည်။
ထို့အပြင် ဖားကန့်ဒေသ၌ PDF အကြမ်းဖက်များက ကလေးငယ်များကို ကျောင်းထားလျှင် ကြိမ်ဒဏ်ငွေဒဏ်များ ချမှတ်ပြီး ပိုင်ဆိုင်မှုများကို သိမ်းယူမည်ဟု ခြိမ်းခြောက်လျက်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
" PDF တွေက မိုက်ရိုင်းတယ်။ ကလေးတွေကို ကျောင်းထားလို့ဆိုပြီး ကျောင်းသား မိဘတွေကို ကြိမ်ဒဏ်တွေရော၊ ငွေဒဏ်တွေရောချတယ်။ ကျောင်းဆက် ထားရင် ပိုင်ဆိုင်မှုသိမ်းမယ်ဆိုပြီး လုပ်တယ်။ ဖားကန့်ဘက်မှာ။ တော်တော်ကြီးကို ဆိုးရွားတယ်။ အဲဒါက PDF တွေ။ ရွာတွေ မှာလည်း အပြင်မထွက်ရ ထွက်ရင်ပြန်မဝင်နဲ့ အဲဒီလိုလုပ်ထားတာ။ အခုက ဒေသခံတွေက မြစ်ကြီးနား မြို့ပေါ်တွေ ရောက်လာပြီး ကလေးတွေကို ဘုန်းကြီးကျောင်းတွေမှာ နေပြီးတော့ ကျောင်းထားတယ်။ တချို့ဆိုရင် နေစရာမရှိလို့ စာတွေတင်ထားကြတယ်။ ယာယီစစ်ရှောင်စခန်း ဆောက်ဖို့စာတွေ တင်ထားကြတယ်"ဟု ၎င်းကပြောသည်။
ထို့အပြင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ မန်ဝိန်း၊ ဆိုင်လော်၊ မန်ဒေါင်ကျေးရွာ နေပြည်သူများကို တစ်အိမ်တစ်ယောက် လူသစ်စုဆောင်းခြင်းနှင့် ငွေကြေးကောက်ခံ ခြိမ်းခြောက်မှု များကို KIA ၊ PDF အဖွဲ့မှ ပြုလုပ်နေကြောင်း သိရသည်။ လတ်တလော အခြေအနေအရ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး ဒေသခံများကို KIA/PDF များက ဘေးလွှတ်ရာတိမ်းရှောင်ခွင့် မပြုကြောင်း အင်းတော်ကြီးဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇွန် ၂၂ ရက်တွင် KIA/PDF ပူးပေါင်းတပ်ဖွဲ့က အင်းတော်ကြီးဒေသကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ချောင်းဝကျေးရွာကို ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။ အင်းတော်ကြီးဒေသတွင် ကျေးရွာပေါင်း ၃၉ ရွာရှိကာ တိုင်းလိုင် (ခေါ်) ရှမ်းနီလူမျိုး အများစုနေထိုင်ကြပြီး ဗမာ၊ ကချင်အနည်းငယ်နေထိုင်ရာဒေသ ဖြစ်ကြောင်း သိရသည်။