ရန်ကုန်၊ စက်တင်ဘာ ၂၂
ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) သည် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၇)ရက်နေ့တွင် ကျရောက်မည့်ဖြစ်ကာ ကြိုဆိုသည့်အနေဖြင့် မြန်မာနိုင်ငံ ကုန်စည်ပြပွဲ၊ အခမ်းအနားများနှင့် ဆွေးနွေးပွဲများဆိုင်ရာ လုပ်ငန်းအသင်း၏ လူငယ်အဖွဲ့ (Youth Cluster)က စီစဉ်ကျင်းပသော Let’s Go VACS Yangon Travel Fair 2023 ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ (၂၂)ရက်နေ့ တွင် ရန်ကုန်မြို့၊ အင်းလျားလိတ် ဟိုတယ်ဝန်းအတွင်းရှိ ၊ ရန်ကုန်ကွန်ဗင်းရှင်းစင်တာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ Let’s Go VACS Yangon Travel Fair 2023 ပြပွဲအခမ်းအနားကို မြန်မာနိုင်ငံ ကုန်စည်ပြပွဲ၊ အခမ်းအနားများနှင့် ဆွေးနွေးပွဲများဆိုင်ရာ လုပ်ငန်းအသင်း(MEECA) ဥက္ကဋ္ဌ ဦးမင်းသိန်း၊ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်း၊ MEECA အသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးသန့်နှင့် မိတ်ဖက်များက တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
မြန်မာနိုင်ငံ ကုန်စည်ပြပွဲ၊ အခမ်းအနားများနှင့် ဆွေးနွေးပွဲများဆိုင်ရာ လုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးမင်းသိန်းက “ယနေ့ပွဲက စက်တင်ဘာလ (၂၇)ရက်နေ့မှာ ကျရောက်မဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို ကြိုဆိုတဲ့ အနေနဲ့ ကျင်းပတာဖြစ်ပါတယ်။ ပြပွဲမှာ Highland, Beach, Ancient, Staycation & Camping ဇုံဟူ၍ ခွဲခြားပြသထားပါတယ်။ ခရီးသွားများရဲ့ ဘေးကင်းရေးနှင့် ကျန်းမာရေးကို အလေးထားပြီး ခရီးသွားလုပ်ငန်းကို အားပေးမြှင့်တင်ဖို့ဖြစ်ပါတယ်။” ဟုပြောကြားခဲ့သည်။
ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်က “ခရီးသွားလုပ်ငန်းဟာ နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းကို များစွာဖန်တီးပေးနိုင်သော ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ယနေ့ကျင်းပတဲ့ ခရီးသွားပြပွဲမှာ သက်ဆိုင်ရာ ဇုံအလိုက်ခွဲခြားပြီး ခင်းကျင်းပြသမှုကို ကြည့်ရင် မြန်မာနိုင်ငံရဲ့ ခရီးသွားကဏ္ဍမှာရှိတဲ့ လုပ်ငန်းရှင်များဟာ ယခင်နဲ့မတူဘဲ အတွေးသစ်၊ အမြင်သစ်တွေေ ကို ခေတ်စနစ် ပြောင်းလဲမှုပေါ်မှာ မူတည်ပြီး တီထွင်ဆန်းသစ်လာတာကိုလည်း တွေ့ရှိရပါတယ်၊ လူငယ်တွေရဲ့ ခေတ်မှီ ဆန်းသစ်တဲ့ အတွေးအခေါ် အယူအဆတွေကိုလည်း တွေ့ရပါတယ်။
ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာရန်အတွက် ကုန်သည်စက်မှုအသင်းချုပ်က မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုငငံ ကုန်စည်ပြပွဲအခမ်းအနားများနှင့် ဆွေးနွေးပွဲများဆိုင်ရာ လုပ်ငန်းအသင်း အပါအဝင် ညီနောင် အသင်းများနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်သွားပါမယ်” ဟု ပြောကြားခဲ့သည်။ ပြပွဲတွင် Myanmar Tourism Bank မှ ခရီးသွားကဏ္ဍမြှင့်တင်ရန် ခရီးသွားလိုသူ ပြည်သူများအတွက် ခရီးသွားချေးငွေ (Travel Loan) ထုတ်ချေးမဲ့ အစီအစဉ်များလည်း ရှိကြောင်း၊ပြပွဲကြီးကို ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၂)ရက်နေ့မှ (၂၄)ရက်နေ့အထိ (၃)ရက်တာ ကျင်းပပြုလုပ်မည် ဖြစ်ပြီး အခမ်းအနားတွင် လေကြောင်းလိုင်းများ၊ ခရီးသွားကုမ္ပဏီများ၊ ကျန်းမာရေး ဝန်ဆောင်မှုဆိုင်ရာ ခရီးသွား လုပ်ငန်းများ၊ ပင်လယ်၊ တောင်ပေါ်၊ မြေပြန့်နှင့် ပုဂံရှေးဟောင်းဒေသရှိ ဟိုတယ်များနှင့် အပန်းဖြေစခန်းများ၊ ဘဏ်လုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ အစရှိသည့် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် လုပ်ငန်းကဏ္ဍအသီးသီးတို့မှ ပြခန်းပေါင်း (၁၀၀)ကျော် ပါဝင်ပြသကြသည်။