Breaking

MFF Futsal Stadium တွင် ပထမဆုံးနိုင်ငံတကာပွဲစဉ်အဖြစ် မြန်မာဖူဆယ်အသင်းနှင့် အာဖဂန်နစ္စတန်အသင်း ခြေစမ်းပွဲကစားမည်

၂၀၂၄ ၊ ဇန်နဝါရီ ၃၁
    ၂၀၁၆ ခုနှစ်နောက်ပိုင်း နိုင်ငံတကာ ဖူဆယ်ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲ၏ ကြိုတင်ပြင်ဆင်မှု တစ်ရပ်အနေဖြင့် ရန်ကုန်မြို့ရှိ  MFF Futsal Stadium တွင် ပထမဆုံး နိုင်ငံတကာ ခြေစမ်းပွဲနှစ်ပွဲယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း သိရသည်။
    မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနှင့် အာဖဂန်နစ္စတန် ဖူဆယ်အသင်းတို့ပွဲစဉ်ကို မတ်လ ၃၀ နှင့် ၃၁ ရက်များတွင် ကျင်းပသွားမည်ဖြစ်ပြီး ကွင်းဝင်ကြေးနှင့် ကျင်းပမည့်အချိန်များကို ထပ်မံထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် နိုင်ငံတကာ ဖူဆယ်ပြိုင်ပွဲများကို ၂၀၁၆ ခုနှစ်က နေပြည်တော်တွင် ကျင်းပခဲ့သော AFF Futsal Club Championship 2016 နောက်ပိုင်း ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့ သုဝဏ္ဏကွင်းအတွင်းတွင် တည်ဆောက်ထားသော နိုင်ငံတကာအဆင့်မီ ဖူဆယ်ကွင်းဖြစ်သော MFF Futsal Stadium တွင် ပထမဆုံးကျင်းပသည့် နိုင်ငံတကာ ဖူဆယ်ပွဲစဉ်ဖြစ်သည်။
    အာဖဂန်နစ္စတန် ဖူဆယ်အသင်းသည် လက်ရှိ ကမ္ဘာ့အဆင့်ရပ်တည်မှု ၅၃ တွင် ရပ်တည်နေသောအသင်းဖြစ်ပြီး အာဖဂန်နစ္စတန် ဖူဆယ်အသင်းသည် ၂၀၂၃ ခုနှစ်က ကျင်းပခဲ့သော CAFA Futsal Cha-mpionship ပြိုင်ပွဲတွင် ဒုတိယဆု ရယူနိုင်ခဲ့သည်။ အထက်ပါ ပြိုင်ပွဲတွင် အီရန် ယူ-၂၃ အသင်း၊ အာဖဂန်နစ္စတန် ဖူဆယ်အသင်း၊ ဥဇဘက်ကစ္စတန် ဖူဆယ်အသင်း၊ တာဂျစ်ကစ္စတန် ဖူဆယ်အသင်း၊ တာမစ်နစ္စတန် ဖူဆယ်အသင်း၊ ကာဂျစ်ကစ္စတန် အသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနှင့် အာဖဂန်နစ္စတန် ဖူဆယ်အသင်းတို့သည် ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော Continental Futsal Cham-pionship 2023 ပြိုင်ပွဲ၏ တတိယနေရာလုပွဲတွင်တွေ့ဆုံခဲ့ဖူးပြီး အာဖဂန်နစ္စတန်အသင်း က ၅-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
    မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲတွင် အုပ်စု(က)၌ အိမ်ရှင်ထိုင်းအသင်း၊ ဗီယက်နမ်အသင်း၊ တရုတ်အသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ယခုအခါ ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနည်းပြချုပ် Mr.Bunlert Charongwong သည် အင်ဒိုနီးရှားနိုင်ငံသို့ ခြေစမ်းပွဲ သွားရောက်ယှဉ်ပြိုင်မည့် ပဏာမကစားသမား ၁၉ ဦးစာရင်းကို ထုတ် ပြန်လိုက်ပြီဖြစ်သည်။
    ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အုပ်ချုပ်/နည်းပြကိုးဦး၊ ပဏာမကစားသမား ၂၄ ဦးတို့နှင့်အတူ ဇန်နဝါရီ ၂၀ ရက်မှစတင်ကာ လေ့ကျင့်ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး လေ့ကျင့်ချိန် တစ်ပတ်အကြာတွင် အင်ဒိုနီးရှားနိုင်ငံသို့ ခြေစမ်းပွဲ သွားရောက်ကစားမည့် ကစားသမား ၁၉ ဦးကို နည်းပြချုပ် Mr.Bunlert Charongwong က ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ဖေဖော်ဝါရီ ၄ ရက်အထိ သုဝဏ္ဏကွင်းအတွင်းရှိ လက်ရွေးစင်ကစားသမားများ အဆောင်တွင် စခန်းသွင်းလေ့ကျင့်မှုများ ဆက်လက် ပြုလုပ်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ Surabaya မြို့သို့ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် ထွက်ခွာမည်ဖြစ်သည်။

Total Views ~ 198

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43971

© 2022 - 2025 News. All Rights Reserved.