MNDAA အကြမ်းဖက်များ လားရှိုးမြို့သို့ မြန်မာလူမျိုးပေးမဝင်၊ နေထိုင်ကြောင်း ထောက်ခံစာပါမှသာလျှင် ဝင်ခွင့်ရ

နေပြည်တော်၊ အောက်တိုဘာ ၃၀
    MNDAA အကြမ်းဖက် လက်နက်ကိုင်များက လားရှိုးမြို့ကို မြန်မာလူမျိုးပေးမဝင်ကြောင်းနှင့် နေထိုင်ကြောင်း ထောက်ခံစာပါမှသာလျှင် ဝင်ခွင့်ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ 
    "နေထိုင်ကြောင်း ထောက်ခံစာပါမှ ဝင်လို့ရတယ်။ နောင်ကော်ကြီးနားမှာ ကိုးကန့်တွေက ဗမာပေးမဝင်ဘူးဆိုလို့ လှည့်ပြန်လာခဲ့ရတယ်။ ဒီလိုပုံစံနဲ့ဆိုရင်တော့ အိမ်ကိုဘယ်လို ပြန်လို့ရမလဲ။ ဘဝတွေလည်း လမ်းပျောက်နေပြီ"ဟု ဒေသခံတစ်ဦးကပြောသည်။ 
    လတ်တလောအခြေအနေအရ လားရှိုးမြို့မှ ရပ်ဝေးသို့ တိမ်းရှောင်လာသူများအနေဖြင့် သတင်း အမျိုးမျိုးထွက်ပေါ်နေမှုကြောင့် နေရပ်ပြန်ရန် ကြန့်ကြာနေကြပြီး အခြေအနေအရပ်ရပ်ကို စောင့်ကြည့်နေကြကြောင်း လားရှိုးမြို့ မန်ဆူဘုန်းကြီးကျောင်းမှ ဆရာတော်က မိန့်သည်။ 
    "လားရှိုးမြို့ အခြေအနေက တိတိကျကျမသိရဘူး။ ဦးပဉ္စင်းတို့လည်း အဝေးမှာ ရှောင်နေတာ ကြာပြီ။ အဆက်အသွယ်တွေလည်း ပြတ်နေတယ်။ ဆက်သွယ်ရတဲ့အချိန်မှ အကျိုးအကြောင်းသိရမှာ။ လမ်းတွေကတော့ တချို့လမ်းတွေ ဖွင့်ပါတယ်။ လမ်းတော့ မပိတ်ဘူးလို့ လိုင်းကားသမားတွေ ပြောကြတယ်။ မြို့ကို အဝင်အထွက်တော့ရှိနေကြတယ်"ဟု ၎င်းကမိန့်သည်။ 
    ယခုအခါ လားရှိုးမြို့သို့ ၁၃ မျဉ်းစောင်းကိုင်ဆောင်သူများကို ဝင်ထွက်သွား လာခွင့်ပြုကြောင်း မန္တလေး၊ လားရှိုး၊ မူဆယ်၊ လောက်ကိုင် ပြေးဆွဲနေသည့် ယာဉ်လိုင်းမှ တာဝန်ရှိသူက ပြောသည်။ 
    "လားရှိုးလမ်းပိုင်း အခြေအနေက ဒီရက်ပိုင်းတော့ သွားလို့ရတယ်။ နောက်ရက်တွေကျရင် အဝင်အထွက်ပိတ်မယ်လို့ ကြားတယ်။ အဝင်လည်းမရဘူး အထွက်လည်း မရဘူး။ အခု ဒီတစ်ရက်၊ နှစ်ရက်လောက်ကတော့ရတယ်။ လမ်းက အစစ်အဆေးများတယ်။ လားရှိုးကိုသွားလို့ရတာက ၁၃ မျဉ်းစောင်းပဲ သွားလို့ရတယ်။ အဝင်အထွက်ပိတ် သွားရင်တော့ ၁၃ မျဉ်းစောင်းလည်း မရဘူး။ ဘာမှမရဘူး။ ဒီရက်ပိုင်းအတွင်းတော့ သွားလို့ရသေးတယ်။ ပိတ်သွားရင်တော့ မရတော့ဘူး။ ပြန်ဖွင့်မှ သွားလို့ရမယ်။ လားရှိုးကလမ်းမှာ စစ်ဆေးတာရှိတယ်"ဟု ၎င်းကပြောသည်။ 
    ဒေသခံများထံမှ ကြားသိရသည့် သတင်းများအရ နေထိုင်ကြောင်း ထောက်ခံစာပါရှိမှာသာ ဝင်ခွင့်ရကြောင်း၊ နောင်ကော်ကြီးဒေသအနီး ကိုးကန့်လက်နက်ကိုင်များက မြန်မာလူမျိုးဆိုလျှင် ပေးမဝင်ကြောင်း၊ ဒေသခံမဟုတ်လျှင် ပေးမဝင်ကြောင်း သိရ သည်။  
    ၂၀၂၃ ခုနှစ်ပိုင်းကစ၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသများကို MNDAA ၊ TNLA ? AA  အကြမ်း ဖက်လက်နက်ကိုင်များက ၁၀၂၇ စစ်ဆင်ရေးဟုဆိုကာ စတင်တိုက်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပြီး တပ်မတော်က နယ်မြေစိုးမိုးမှုပြန်လည်ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကွန်းဈာန်

Total Views ~ 328

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43736

© 2022 - 2025 News. All Rights Reserved.