၂၀၂၄ ၊ ဖေဖော်ဝါရီ ၆
Myanmar National League ၏ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် လာမည့်နှစ် ဘောလုံးရာသီအတွက် နည်းပြချုပ်အဖြစ် ဧရာဝတီယူနိုက်တက်အသင်းနှင့် လမ်းခွဲခဲ့သော ဦးမျိုးလှိုင်ဝင်းကို ခန့်အပ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းဖြစ်ပြီး ဧရာဝတီယူနိုက်တက်အသင်း၏ နည်းပြချုပ်လည်းဖြစ်သော ဦးမျိုးလှိုင်ဝင်းသည် အသင်းနှင့်ချုပ်ဆိုထားသော စာချုပ်သက်တမ်း ပြည့်သွားပြီဖြစ်သည့်အတွက် အသင်းနှင့်တရားဝင်လမ်းခွဲခဲ့ပြီး ရှမ်းယူနိုက်တက်အနေဖြင့် နည်းပြချုပ်အဖြစ် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ဦးမျိုးလှိုင်ဝင်းသည် ဧရာဝတီယူနိုက်တက်အသင်းကို စတင်ရောက်ရှိခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ဒုတိယနေ ရာ၊ ၂၀၂၀ ပြည့်နှစ်မှာ တတိယနေရာရောက်ရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့သည့် နည်းပြတစ်ဦးလည်းဖြစ်သည်။ ယခင် ရှမ်းယူနိုက်တက်အသင်း၏ နည်းပြချုပ်ဖြစ်သူ ဦးဟန်ဝင်းအောင်မှာ ၂၀၂၄-၂၅ ဘောလုံးရာသီတွင်ရှမ်းယူနိုက်တက် စီနီယာအသင်းနှင့် ယူ ၂၀ အသင်း၏ အုပ်ချုပ်သူ(မန်နေဂျာ) အဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်းသိရသည်။
"ကာယကံရှင် ကိုဟန်ဝင်းအောင်က နည်းပြချုပ်အဖြစ် ဆက်လက်တာဝန် မယူချင်တဲ့အကြောင်း တရားဝင်ပြောလာ ပြီးတဲ့နောက်၊ အသင့်တော်ဆုံးဖြစ်မယ့် အုပ်ချုပ်သူအဖြစ် ပြောင်းလဲတာဝန် ပေးခဲ့တာပါ။ ယူ ၂၀ အသင်းကတော့ လက်ရှိမှာ ဖွဲ့စည်းဖို့ စတင်ဆောင်ရွက်နေပြီး၊ ခြေစွမ်းပြချင်တဲ့ လူငယ်တွေအသင့်ပြင်ထားဖို့ တစ်လက်စတည်းအသိပေးပါရစေ"ဟု ရှမ်းယူနိုက်တက်အသင်း၏ မီဒီယာတာဝန်ခံက ပြောသည်။
ဦးဟန်ဝင်းအောင်သည် ရှမ်းယူနိုက်တက်အသင်း မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဖြစ်သည့် ငါးကြိမ်လုံး အသင်းမှာ ရှိနေသူဖြစ်ပြီး နောက်ဆုံးနှစ်ကြိမ်တွင် နည်းပြချုပ်အဖြစ် တာဝန်ထမ်းခဲ့သူဖြစ်သည်။ ဦးဟန်ဝင်းအောင် ဦးဆောင်ပြီး လူငယ်သွေးသစ်ရှာဖွေခြင်း၊ လူငယ်စီမံကိန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကာ စီနီယာအသင်း၏ အုပ်ချုပ်ရေးကိစ္စတွေများတွင် ပါဝင်သွားမည်ဖြစေကြောင်း သိရသည်။
လာမယ့် ရာသီသစ်အတွက် ပြင်ဆင်မှုများကိုအသင်း Top Managemen ၏ လမ်းညွှန်မှုအတိုင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းနှင့် အုပ်ချုပ်သူ ဦးဟန်ဝင်းအောင်တို့ ပူးပေါင်းလုပ်ဆောင်သွား မည်ဖြစ်ကြောင်း အသင်းမှထုတ်ပြန်ထားသည်။
ရှမ်းယူနိုက်တက် အသင်းသည် အသင်းသမိုင်းတစ်လျှောက် MNL အမှတ် ပေးချန်ပီယံဆု ငါးကြိမ်အထိ ရရှိဖူးပြီး ၂၀၁၇ MNL အမှတ်ပေးချန်ပီယံဆုကို နည်းပြချုပ် ဦးစိုးမြတ်မင်းနှင့်အတူ ၂၀၁၉ နှင့် ၂၀၂၀ ရာသီ MNL အမှတ်ပေးချန်ပီယံဆုကို နည်းပြချုပ်ဦးအောင်နိုင်နှင့်အတူ၊ ၂၀၂၂ နှင့် ၂၀၂၃ ရာသီ MNL အမှတ်ပေးချန်ပီယံဆုကို နည်းပြချုပ် ဦးဟန်ဝင်းအောင်တို့နှင့်အတူ ရယူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။