Made in Myanmar ထုတ်ကုန်များ  ပြင်သစ်တွင် ပါဝင်ပြသနိုင်ရန် ဖိတ်ခေါ်  

ရန်ကုန်၊ ဇွန် ၁၀
    Messe Frankfurt France မှ ကြီးမှူးသည့် Apparel Sourcing Paris 2025 ကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှ ၁၇ ရက်ထိ Paris Le Bourget, France ၌ ကျင်းပသွားမည် ဖြစ်ရာ Made in Myanmar  ထုတ်ကုန်များကို ပါဝင်ပြသလိုသည့် အသင်းဝင်စက်ရုံများကို မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ဖိတ်ခေါ်ထားကြောင်း ထုတ်ပြန်ထားသည်။ 
    ယင်းပြပွဲအား တစ်နှစ်လျှင် နှစ်ကြိမ် ပါရီမြို့တွင် ပြုလုပ်လေ့ရှိပြီး ဖက်ရှင်လုပ်ငန်းမှ ပြပွဲပြသသူ တစ်ထောင်ကျော်ကို ပါဝင်ပြသည့် ပြပွဲဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ စီးပွားဖြစ် ဝယ်ယူသူများအတွက် အခြေခံပစ္စည်းများမှ အစပြု၍ အဆန်းသစ်ဆုံးနှင့် အရည်အသွေးအမြင့်ဆုံး ထုတ်ကုန်များအထိ စုံလင်စွာ ရှာဖွေဝယ်ယူနိုင်သည့် ပလက်ဖောင်းတစ်ခုဖြစ်သည်။
    မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ရှင်များအသင်း(MGMA)သည် ဥရောပဝယ်လက်များနှင့် ချိတ်ဆက်နိုင်ရန် MYANMAR-PAVILIONအနေဖြင့် ၂၀၂၂ ခုနှစ်မှစတင်၍ ပြပွဲတွင် ဝင်ရောက်ပြသလေ့ရှိပြီး ယခုနှစ်တွင်လည်း Made in Myanmar ထုတ်ကုန်များကို ပါဝင်ပြသလိုသည့် အသင်းဝင်စက်ရုံများကို ဖိတ်ခေါ်ခြင်းဖြစ်သည်။ 
    သို့ဖြစ်ရာ အသင်းဝင်များအနေဖြင့် ပြခန်းပြသလိုပါလျှင် ပြခန်းကုန်ကျငွေကို စရိတ်မျှခံစနစ်ဖြင့် ကျခံ၍ လိုက်ပါနိုင်ပြီး အကယ်၍ ပြပွဲလေ့လာသူအနေဖြင့် လိုက်ပါလိုသည့် အသင်းဝင်စက်ရုံများ အနေဖြင့် Registration Fees ပေးသွင်း၍ လိုက်ပါနိုင်မည်ဖြစ်သည်။ 
    လိုက်ပါလိုသည့် အသင်းဝင်စက် ရုံများအနေဖြင့် လေယာဉ်ခ၊ ဗီဇာလျှောက်ထားခြင်း၊ ဟိုတယ်ခများနှင့် မိမိကိုယ်ပိုင် အသုံးစရိတ်များကို ကျခံနိုင်ရမည်ဖြစ်ပြီးအသင်းမှ လေယာဉ်လက်မှတ်ဝယ်ယူခြင်းနှင့် ဗီဇာလျှောက်ထားခြင်းတို့အတွက် လိုအပ်သောအကြံပေးမှုများကို ဆောင်ရွက်ပေးမည် ဖြစ်သည်။ 
    အသင်းဝင်စက်ရုံ/ကုမ္ပဏီများမှ Apparel Sourcing Paris 2025 ပြပွဲသို့ တက်ရောက်ရန် စိတ်ဝင်စားပါက ဒေါ်အေးမိရှိန် (Managing Director) ဖုန်း  ၀၉- ၄၃၀ ၈၁၄၂၄ သို့ စာရင်းပေးသွင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။ သက်မှူး

Total Views ~ 71

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45607

© 2022 - 2025 News. All Rights Reserved.