Myanmar National League ပွဲစဉ် ရတနာပုံနှင့်မြဝတီအသင်းတို့  ဖြစ်ရပ်များအပေါ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီမှ ပြစ်ဒဏ်များချမှတ်

၂၀၂၃ ဇူလိုင် ၉

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပလျက်ရှိသော Myanmar National League I 2023 ပွဲစဥ်(၁၁) အဖြစ် ဇူလိုင်လ ၆ ရက်က သုဝဏ္ဏကွင်း၌ ယှဥ်ပြိုင်ကစားခဲ့သည့် ရတနာပုံအက်ဖ်စီအသင်းနှင့် မြဝတီအက်ဖ်စီအသင်းတို့မှ ဖြစ်ရပ်များအပေါ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီမှ ယနေ့တွင် အစည်းအဝေးပြုလုပ်စစ်ဆေးသုံးသပ်ကာ ပြစ်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲစဥ်တွင် ပွဲကစားချိန် ၈၉ မိနစ်တွင် မြဝတီအသင်းဂိုးသမားလက်မှ လွတ်ကျလာသည့် ဘောလုံးကိုရတနာပုံအသင်းမှ ရရှိသွားပြီး သွင်းယူခဲ့သောဂိုးအား ဒိုင်လူကြီးမှ ဂိုးအဖြစ်သတ်မှတ်ပေးခဲ့ခြင်းအပေါ် မြဝတီအက်ဖ်စီအသင်း တာဝန်ရှိသူများနှင့် ကစားသမားများက ဒိုင်လူကြီးအား အလွန်အကြူးဝိုင်းဝန်းစောဒကတက်ခဲ့ခြင်းကြောင့် ပြိုင်ပွဲတာဝန်ကျ MC မှ ဝင်ရောက်ထိန်းသိမ်းဖြောင်းဖျခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ ထပ်မံ၍ အုပ်စုလိုက်စောဒကတက်ခဲ့ခြင်းကြောင့် ပြိုင်ပွဲအား ၁၀ မိနစ်ခန့်ရပ်နားခဲ့ပါသည်။

ထို့ကြောင့် အဆိုပါပွဲစဥ်မှ ဖြစ်ရပ်များအား ယနေ့နံနက်ပိုင်းက အစည်းအဝေးပြုလုပ်၍ တာဝန်ကျပြိုင်ပွဲကြီးကြပ်(MC)အား ခေါ်ယူမေးမြန်းခြင်း၊ ကွင်းလယ်ဒိုင်လူကြီးနှင့် ဒိုင်အဖွဲ့များအား ခေါ်ယူမေးမြန်းခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်လူကြီးများ၏ အစီရင်ခံစာများအား ဖတ်ရှုလေ့လာခြင်း၊ မှတ်တမ်းတင် ဗီဒီယိုဖိုင်များကို အသေးစိတ်ကြည့်ရှုခြင်း၊ မြဝတီအက်ဖ်စီအသင်းမှ အသင်းမန်နေဂျာ၊ အသင်းခေါင်းဆောင်နှင့် အနီကတ်ပြသခံရသောကစားသမားတို့အား ခေါ် ယူတွေ့ဆုံမေးမြန်းခြင်းများပြုလုပ်ပြီးနောက် အောက်ဖော်ပြပါအတိုင်း အရေးယူပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်ပါသည်။

(၁) တစ်ဖက်အသင်းကစားသမားအား ဥပဒေပကစားခြင်းကြောင့် ဥပဒေအရ အနီကတ်ပြသခံရတော့မည့်အချိန်တွင် ဒိုင်လူကြီးအားပြင်းထန်စွာ စောဒကတက်ကန့်ကွက်ခဲ့သည့်အပြင် လက်ဖြင့်အကြိတ်ကြိမ်တွန်းတိုက်ခဲ့သည့် မြဝတီအက်ဖ်စီအသင်းမှ ကျောနံပါတ် (၂၀) သော်ဇင်ထွေးအား Myanmar National League I 2023 ပြိုင်ပွဲကျင်းပရေးစည်းကမ်းထိန်းသိမ်းရေးမူအပိုဒ် (၂)နှင့် (၁၈)တို့အရ အနီးစပ်ဆုံး(၄)ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေးငွေကျပ်(၄)သိန်း ပေးဆောင်စေရန်ချမှတ်ခဲ့သည့်အပြင် အလားတူဖြစ်ရပ်မျိုးမဖြစ်စေရန် ပြင်းထန်စွာသတိပေးခဲ့သည်။

(၂) မြဝတီအသင်းသားအများစုအနေဖြင့် ကွင်းလယ်ဒိုင်လူကြီး၏ ဆုံးဖြတ်မှုအပေါ် မကျေမနပ်ဖြစ်ကာ ကစားသမားကောင်းတို့ စောင့်ထိန်းရမည့် ကျင့်ဝတ်အား ကျော်လွန်၍ လွန်လွန်ကျူးကျူးဝိုင်းဝန်းစောဒကတက်ခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်စဥ်စတင်ဖြစ်ပွားစေရန် အစပျိုးလုပ်ဆောင်ခဲ့ခြင်းအပြင် အားကစားပြိုင်ပွဲနှင့် မသက်ဆိုင်သည့် စကားလုံးများဖြင့် ဒိုင်အား ရင့်သီးစွာ ပြစ်တင်ပြောဆိုစောဒကတက်ခဲ့သည့် ကျောနံပါတ်(၁၁) သက်ပိုင်ကိုနှင့် ယင်းဖြစ်စဥ်မျိုးမဖြစ်ပွားစေရန် မိမိအသင်းသားများကို ဦးဆောင်ထိန်းသိမ်း၍ အသင်းခေါင်းဆောင်ပီသစွာ ဥပဒေနှင့်အညီ ဒိုင်လူကြီးအား ကန့်ကွက်ခဲ့ရမည့်အစား အဆိုပါဖြစ်စဥ်မျိုး ဖြစ်ပွားစေရန် အားပေးသည့် သဘောသက်ရောက်စေရန် ဦးဆောင်ပြီး ဒိုင်အားပြင်းထန်စွာပြောဆိုကန့်ကွက်ခဲ့သည့် အသင်းခေါင်းဆောင် ကျောနံပါတ်(၄) ဝေယံဦးတို့နှစ်ဦးအား Myanmar National League I 2023 ပြိုင်ပွဲကျင်းပရေးစည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၁၈)အရ ဒဏ်ကြေးငွေကျပ်(၁)သိန်းစီ ပေးဆောင်စေရန်နှင့် နောက်နောင်တွင် အလားတူဖြစ်ရပ်မျိုး အပြုအမူမျိုး မပြုလုပ်စေရန် စာဖြင့်နောက်ဆုံးအကြိမ်သတိပေးသည့်ပြစ်ဒဏ်ချမှတ်သတိပေးခဲ့သည်။

(၃) အထက်ပါဖြစ်စဥ်အပေါ် မိမိကစားသမားများ၏ အပြုအမူများကို မပြုလုပ်စေရန် ဝိုင်းဝန်းထိန်းသိမ်းပေးရမည့်အစား မြဝတီအက်ဖ်စီအသင်းမှ အုပ်ချုပ်/နည်းပြ အဖွဲ့ဝင်အချို့မှာ ဒိုင်လူကြီးအား ပြင်းထန်စွာဝိုင်းဝန်းစောဒကတက်ခဲ့ခြင်းကြောင့် Myanmar National League I 2023 ပြိုင်ပွဲကျင်းပရေး စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၁၁)အရ မြဝတီအက်ဖ်စီအသင်းအား ဒဏ်ကြေးငွေကျပ်(၁၀)သိန်း ပေးဆောင်စေရန်နှင့် အလားတူ ဖြစ်ရပ်မျိုး မဖြစ်ပွားစေရန် ပိုမိုထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ရန်ပြစ်ဒဏ်ချမှတ် သတိပေးခဲ့သည်။

ထို့အပြင် အဆိုပါ ပွဲစဥ်အား တာဝန်ယူကိုင်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင်လူကြီးဦးဖြိုးထက်အောင်အနေဖြင့်လည်း ပြိုင်ပွဲအားတာဝန်ယူကိုင်တွယ်ခဲ့မှုအချို့တွင် ရုပ်သံမှတ်တမ်းများအရလည်းကောင်း၊ ဒိုင်ကြီးကြပ်နှင့် ဒိုင်အဖွဲ့များအားလုံးအား မေးမြန်းဆွေးနွေးခဲ့မှုအရလည်းကောင်း အားနည်းချက်များရှိခဲ့သည်ကို သုံးသပ်တွေ့ရှိခဲ့ရသဖြင့် ကွင်းလယ်ဒိုင်လူကြီးအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဒိုင်ကော်မတီနှင့် ဒိုင်ဌာနအနေဖြင့် သင့်တော်သလိုအရေးယူအပြစ်ပေးမှုများပြုလုပ်စေပြီး အရေးယူမှုကိုပြန်လည်တင်ပြပေးရန် ဆုံးဖြတ်ခဲ့သည်။

Total Views ~ 201

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43730

© 2022 - 2025 News. All Rights Reserved.