၂၀၂၃ စက်တင်ဘာ ၁၀
အောက်တိုဘာ ၁၅ တွင်ကျရောက်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ချုပ်ဆိုမှု ၈နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားအား လက်တွေ့ကျကျ၊အဓိပ္ပါယ်ရှိရှိ အလေးအနက်ထားကျင်းပသွားမည်နှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြို့မိ၊မြို့ဖများ၊အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား နစက ဥက္ကဋ္ဌမှ စက်တင်ဘာ ၉ ရက်က လားရှိုးမြို့ မြို့တော်ခန်းမ၌တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
လာမည့် အောက်တိုဘာ ၁၅ ရက်နေ့ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ချုပ်ဆိုမှု ၈ နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်ပါတယ် ယခင်က အကြောင်းအမျိုးမျိုးကြောင့် ငြိမ်းချမ်းရေးနှစ်ပတ်လည်နေ့ကို ကျင်းပ ပြုလုပ်နိုင်ခြင်းမရှိခဲ့ဟု ဆိုသည်။
"အခုနှစ်မှာ အဲဒီအခမ်းအနားကို အဓိပ္ပါယ်လေးနက်စွာနဲ့ ကျင်းပပြုလုပ်သွားဖို့ စီစဉ်ဆောင်ရွက်နေပါတယ် မြန်မာနိုင်ငံရဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်လာရခြင်းက နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေ တိုင်းရင်းသားရေးအရသဘောထားကွဲလွဲမှုတွေ ဘာသာရေးအရ သဘောထားကွဲလွဲမှုတွေကြောင့် ဖြစ်ပေါ်ခဲ့တာပါ"ဟု နစက ဥက္ကဋ္ဌကပြောသည်။
ယခုအခါတွင် မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက်ရှိပြီး နိုင်ငံရေးအရ၊တိုင်းရင်းသားရေးအရ၊ဘာသာရေးအရ သဘောထားကွဲလွဲမှုများမဖြစ်သင့်တော့ဘဲ ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီနှင့်လွှတ်တော်လမ်းကြောင်းပေါ်သို့ရောက်ရှိနိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
"NCA စာချုပ်ကို ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်မှာ အစိုးရ၊လွှတ်တော်၊တပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက အသိသက်သေတွေ ပြည်တွင်းအသိသက်သေတွေရှေ့မှောက်မှာ ခမ်းနားထည်ဝါစွာလက်မှတ်ရေးထိုးခဲ့ပါတယ်"ဟု နစက ဥက္ကဋ္ဌကပြောသည်။
NCA စာချုပ်သည် Union Accord အဖြစ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့် သမိုင်းဝင်စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မှပျက်ပြယ်မှုမရှိတည်ရှိနေမည့်စာချုပ်ဖြစ်ကာ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ NCA စာချုပ်အပေါ်တွင်သာ ခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက်သွားမည်ဟု ဆိုသည်။
အောက်တိုဘာ ၁၅ ရက်တွင်ကျရောက်မည့် ၈ နှစ်မြောက် NCA နှစ်ပတ်လည်နေ့ကို လက်တွေ့ကျကျ၊အဓိပ္ပါယ်ရှိရှိ၊အလေးအနက်ထား၍ စီစဉ်ကျင်းပသွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအောင်မြင်မှုရရှိစေရန်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။