ရန်ကုန်၊ စက်တင်ဘာ ၁၇
NCA မှ သွေဖည်၊ ချိုးဖောက်ပြီး ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသော ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် ခွဲထွက် (PNLO-AD)ကနေ အပြီးအပိုင် နုတ်ထွက်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာ က ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်ကို စက်တင်ဘာ ၁၀ ရက် ရက်စွဲဖြင့် ဗိုလ်မှူးကြီး ခွန်ဥက္ကာက လက်မှတ်ရေးထိုး ထုတ်ပြန်ထားခြင်းဖြစ်ပြီး ယင်းထုတ်ပြန်ချက် မှန်ကန်ကြောင်းကိုလည်း ၎င်းက အတည်ပြုပြော ကြားခဲ့သည်။
အဆိုပါကြေညာချက်တွင် ၂၀၀၉ ခုနှစ် ထိုင်း-မြန်မာ နယ်စပ်တစ်နေရာတွင် ကျင်းပသော အမျိုးသားညီလာခံတစ်ရပ်မှ နေ၍ PNO မှခွဲထွက်ကျန်ရစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာဦးဆောင်သော (PPLO) နှင့် ရလလဖ (SNPLO) မှ ခွဲထွက်လာသူ ဗိုလ်မှူးကြီးခွန်သူရိန် ဦးဆောင်အင်အားစုများသည် အခြားပအိုဝ်းအင်အားစုငယ်များ ဝန်းရံလျက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PPLO) ကို ပြန်လည်ဖွဲ့စည်းထူထောင်ခဲ့ကြောင်း၊ ယင်းကဲ့သို့ ပြန်လည်ဖွဲ့စည်းပြီးနောက် PNLO သည် ပအိုဝ်းအမျိုးသားတော်လှန်ရေးနှင့် ပအိုဝ်းအမျိုးသားနိုင်ငံရေးလုပ်ငန်းများတွင် ကြိုးပမ်းဆောင်ရွက်နိုင်ရုံမျှမက မဟာမိတ်အဖွဲ့အစည်းများနှင့်အတူ နိုင်ငံတော်အဆင့် နိုင်ငံရေးလုပ်ငန်းများတွင်တက်ကြွစွာ ပါဝင်ခဲ့ကြောင်း၊ သမ္မတကြီး ဦးသိန်းစိန်လက်ထက်တွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စာချုပ်များ ချုပ်ဆိုခဲ့ပြီး ၂၀၁၅ မတ်လ ၁၅ ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် ရပ်စဲရေး သဘောတူစာချုပ်(NCA)ကို ပါဝင်လက်မှတ်ရေးထိုးနိုင်ခဲခြင်းကြောင့် တရားဝင်အဖွဲ့အစည်း တစ်ရပ်အဖြစ် ရပ်တည်လာ နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
PNLO/PNLA သည် ရှမ်းပြည်(တောင်ပိုင်း) ပအိုဝ်းအမျိုးသားဒေသသို့ ၂၀၁၂ ခုနှစ်မှစ၍ ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပအိုဝ်းအမျိုးသားနိုင်ငံရေးလုပ်ငန်းများကို PNO/PNAနှင့် ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်လာသည်မှာ ၂၀၂၃ ခုနှစ်ကုန် အထိပင်ဖြစ်ပြီး PNLO ဥက္ကဋ္ဌများအဖြစ် ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ခွန်မြင့်ထွန်းနှင့် ဗိုလ်မှူးကြီးခွန်သူရိန်တို့က ၂၀၀၉မှ ၂၀၂၃ ခုနှစ်အထိ အလှည့်ကျတာဝန်ယူခဲ့ကြကြောင်း၊ ယင်းကဲ့သို့ NCA ကို ထိန်းသိမ်းလိုက်နာပြီး ပြည်သူလူထုအကျိုးကို ကြိုးပမ်းဆောင်ရွက် နေချိန်မှာပင် လက်ရှိဥက္ကဋ္ဌဖြစ်သူသည် စုပေါင်းဦးဆောင်မူအရ မဟုတ်ဘဲ တစ်ဦး တစ်ယောက်သော သဘောထားဆန္ဒဖြင့် 'မူဝါဒ' အလွဲသုံးစား ပြုလုပ်သည့်အတွက် NCA မှ သွေဖည်၊ ချိုးဖောက်ပြီး ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လာခြင်း၊ စစ်ရေးဖော်ဆောင်လာခြင်း၊ PNO/PNA နှင့် SAC ကို ရန်သူ သတ်မှတ်၍ ဆန့်ကျင်တိုက်ခိုက်လာခြင်း၊ ဆီဆိုင်မြို့အပါအဝင် မဲနယ်တောင် ဒေသအတွင်း မြို့ပြ/ ကျေးရွာများ ပျက်စီးဆုံးရှုံးစေခြင်းနှင့် ပအိုဝ်းပြည်သူများ စစ်ပြေး၊ စစ်ရှောင်များပြားစေခြင်းတို့ကို မျက် ဝါးထင်ထင်တွေ့ရှိခဲ့ကြောင်း ယင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် မူလ PNLO/PNLA ၏ ဦးဆောင်နာယကတစ်ဦးအနေဖြင့် မလွှဲမရှောင်သာ တာဝန်ရှိလာသည့်အပေါ်တွင် လက်ရှိခွန်သူရိန် ဦးဆောင်(PNLO-ခွဲထွက်)အဖွဲ့မှ အပြီးအပိုင် နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ရပါကြောင်းနှင့် နောက်နောင် PNLO (ခွဲထွက်) ၏ လုပ်ဆောင်မှုအ၀၀သည် မိမိနှင့် လုံးဝ(လုံးဝ) သက်ဆိုင်တော့မည် မဟုတ်ကြောင်းလည်း အသိပေးထားပြီး ယင်းကဲ့သို့ PNLO (ခွဲထွက်) ထံမှ နုတ်ထွက်ပြီးနောက် မိမိအနေဖြင့် အမျိုးသားနိုင်ငံရေးလုပ်ငန်းများကို လက်မလျှော့ဘဲ ဆက်လက်ကြိုး ပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပအိုဝ်းပြည်သူများထံ ဗိုလ်မှူးကြီးခွန်ဥက္ကာက ကတိကဝတ်ပြု ထုတ်ပြန်ကြေညာခဲ့သည်။ ညီသစ်