၂၀၂၄ ၊ မတ် ၂၀
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း ခုနစ်ဖွဲ့အနေဖြင့် ဖက်ဒရယ်မူကို စွဲကိုင်ပြီး ရှေ့ခရီးကို ဆက်လက်ချီတက်မည်ဖြစ်ကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားလိုက်သည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မတ် ၁၇ ရက်က ကျင်းပသည့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်း ခုနစ်ဖွဲ့၏ မျက်နှာစုံညီအစည်းအဝေး (7 NCA-S EAO Summit) ပထမနေ့ အဖွင့်နှုတ်ခွန်းဆက်စကားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။
"နိုင်ငံရေး၊ စစ်ရေးအခြေအနေများက နေ့စဉ်နဲ့အမျှပြောင်းလဲနေပြီး မိမိတို့ ခုနစ်ဖွဲ့ထဲက တချို့အဖွဲ့ဆိုရင် တိုက်ပွဲဝင်နေတာတွေရှိခဲ့ပါတယ်။ ဒီအချက်တွေက လက်ရှိအခြေအနေကို မီးမောင်းထိုးပြတာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေတွေဟာ ထိလွယ်ရှလွယ်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ယနေ့ကာလမှာ နိုင်ငံရေးဘောင်ကျဉ်းပြီး စစ်ရေးဘောင်ကျယ်တဲ့ အနေအထားမှာ ရှိနေပါတယ်။ မိမိတို့ ခုနစ်ဖွဲ့အနေနဲ့ EAO ၁၂ ဖွဲ့ လက်ခံထားတဲ့ ဖက်ဒရယ်မူကို စွဲကိုင်ပြီး ရှေ့ခရီးကို ဆက်လက်ချီတက်မှာ ဖြစ်ပါတယ်။ မိမိတို့ခုနစ်ဖွဲ့ရဲ့ ထိန်းချုပ်တဲ့နယ်မြေ ဒေသအသီးသီးတွေမှာ မိမိတို့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဲ့ အုပ်ချုပ်ရေးစနစ်နဲ့ စတင်အုပ်ချုပ်သွားရမှာ ဖြစ်ပါတယ်။ မိမိတို့ဒေသတွေမှာ ရှိနေကြတဲ့ လူထုတွေအ တွက် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အပါအဝင် အခြားဝန်ဆောင်မှု လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။ တစ်ဖက်တွင်လည်း မိမိတို့ ခုနစ်ဖွဲ့ကြားမှာတူတာ တွဲလုပ်၊ မတူတာ ခွဲလုပ်ဆိုတဲ့မူအတိုင်း ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်"ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ခုနစ်ဖွဲ့၏ မျက်နှာစုံညီအစည်း အဝေးကို မတ် ၁၇မှ ၁၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မျက်နှာစုံညီ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
"ဒီ မျက်နှာစုံညီအစည်းအဝေးမှာ ပြင်ဆင်ရေးအလုပ်အဖွဲ့က မိမိတို့ခုနစ်ဖွဲ့ရဲ့ စုဖွဲ့မှုပုံစံအသစ်အတွက် ပြင်ဆင်ထားတဲ့ နိုင်ငံရေးဆိုင်ရာ အဆိုပြုချက်များ(မူကြမ်း)နဲ့ စုဖွဲ့မှုအသစ်ရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်း(မူကြမ်း)တို့ကို အကျေအလည်ဆွေးနွေးပြီး အတည်ပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံစည်းမျဉ်း(မူကြမ်း)ကို အတည်ပြုနိုင်ပါက စုဖွဲ့မှုအသစ်ကို ဖွဲ့စည်းသွားဖို့ ရှိပါတယ်။
ဒီအစည်းအဝေးမှာ လက်ရှိ နိုင်ငံရေးအခြေအနေသုံးသပ်ခြင်း အပါအဝင် အခြားအရေးပါတဲ့ အကြောင်းအရာ တွေကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ စုဖွဲ့မှုအသစ်ကို ဖွဲ့စည်းပြီးပါက ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း သေချာစွာ လိုက်နာဆောင်ရွက်နိုင်မှသာ အလုပ်ဖြစ်မှာ ဖြစ်ပါ တယ်"ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားခဲ့သည်။
အဆိုပါ သုံးရက်တာ ကျင်းပတဲ့ မျက်နှာစုံညီ အစည်းအဝေးတွင် အားလုံး လက်ခံနိုင်တဲ့ ရလဒ်ကောင်းများ ရရှိအောင် ဝိုင်းဝန်းကြိုးပမ်း ညှိနှိုင်းဆွေးနွေးမည်ဟု သိရသည်။