ရန်ကုန်၊ သြဂုတ် ၆
အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ(NDF)က နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၁၃၀ ကျော်ကို ပါတီရုံးခန်းများ ဖွင့်လှစ်နိုင်ရေး စီစဉ်ထားပြီး အဆိုပါ သတ်မှတ်ရုံးအရေအတွက်ကိုလည်း ယခု သြဂုတ်လအတွင်း ပြည့်မီအောင် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ယင်းပါတီမှ သိရသည်။
"ဧရာဝတီတိုင်းဆိုရင် သုံးသုတ် သုံးဖွဲ့လောက်ခွဲပြီး လွှတ်တယ်။ ရှမ်းအရှေ့၊ ရှမ်းတောင်၊ မကွေး၊ ပဲခူး အရှေ့အနောက် အဲဒီမြို့နယ်ကိုလည်း အဖွဲ့တွေခွဲပြီး သွားနေတယ်။ UEC ကို တင်ထားပြီးသားက မြို့နယ်ရုံးပေါင်း ၆၀ ကျော်လောက်ဖြစ်သွားပြီ။ ဖွင့်လှစ်ပြီးတဲ့ ရုံးအရေအတွက်ကို သက်ဆိုင်ရာ မြို့နယ်ကော်မရှင်တွေဆီကို တင်ထားပြီးပါပြီ။ ဒီတစ်ပတ်အတွင်းလည်း ၃၀ ကျော်လောက် တင်ဖို့ရှိတယ်။ မှန်းထားတာ ကတော့ အားလုံး ၁၃၀ ကျော်ဖွင့်လှစ်နိုင်ဖို့ပါ။ ရှေ့တစ်ပတ်မှာတင်မယ့် ရုံးအရေအတွက်နဲ့ဆိုရင် ဒီသြဂုတ် လဝက်လောက်ဆိုရင်တော့ ပြည့်သလောက်နီးပါး ဖြစ်သွားမှာပါ"ဟု NDF ပါတီဒုတိယ ဥက္ကဋ္ဌ ဦးထက်အောင်ကျော်က ပြောသည်။
NDF ပါတီသည် မန္တလေးတိုင်းရှိ မြို့နယ်တော်တော်များများတွင် ရုံးဖွင့်လှစ်ထားပြီးဖြစ်သလို ဧရာဝတီတိုင်းဒေသကြီးတွင် ရုံးပေါင်း ၂၀ ကျော်၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၀ ရုံး၊ တနင်္သာရီတိုင်းဒေသကြီးတွင် လေးရုံး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရုံးပေါင်း၁၅ ရုံးဖွင့်လှစ်ထားပြီးဖြစ် သည်။
"ရန်ကုန်မှာတော့ ရုံးပေါင်း ၃၀ လောက် ဖွင့်ဖို့လျာထားတာ၊ အခုကတော့ တစ်ဝက်လောက် ဖွင့်ပြီးပြီ၊ ထပ်ဖွင့်ဦးမှာပါ။တနင်္သာရီကလည်း နောက်ထပ် လေးရုံးဖွင့်ဖို့ ရှိတယ်။ မြိတ်တို့၊ ကော့သောင်း ဘက်တို့မှာပေါ့။ မွန်နဲ့ ကရင်မှာလည်း ဖွင့်ဖို့ရှိပါတယ်။ လောလောဆယ်က ရေကြီးနေလို့ပါ၊ အဲဒါတွေကလည်း အကုန်လုံး ချိတ်ဆက်ပြီးပါပြီ"ဟူ၍ ဦးထက်အောင်ကျော်က ဆက်ပြောသည်။
အမျိုးသား ဒီမိုကရေစီအင်အားစုပါတီကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၃ ရက် မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ(၉) နှင့် အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၅၀/၂၀၂၃) ထုတ်ပြန်ခဲ့သည်။( ညီသစ်)