NSPNC ကော်မတီနှင့် တွေ့ဆုံဆွေးနွေးရန် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ ခေါင်း‌ဆောင်အဖြစ်  ဒေါက်တာအေးမောင်ကို ရွေးချယ်ထား

ရန်ကုန်၊ သြဂုတ် ၂၁
    အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ(NSPNC) နှင့် တွေ့ဆုံဆွေးနွေးရန် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ ခေါင်း‌ဆောင်အဖြစ် ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို ရွေးချယ် ထားကြောင်း သိရသည်။
    NSPNC နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ သြဂုတ် ၂၁၊ ၂၂ ရက်များတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှုဗဟိုဌာနတွင် တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီမှ တာဝန်ရှိသူများက ပြောကြားထားသည်။
    ယင်းတွေ့ဆုံမှုမတိုင်မီ NSPNC ကပေးပို့ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အချက်(၂၃) ချက်နှင့် ပတ်သက်၍  သြဂုတ် ၁၇ ရက်က ရန်ကုန်မြို့တွင်  နိုင်ငံရေးပါတီ အစုအဖွဲ့များ ကနဦးသီးခြားတွေ့ဆုံခဲ့ပြီး အလုပ်အဖွဲ့ခေါင်း‌ဆောင်အဖြစ်  ဒေါက်တာအေးမောင်ကို ရွေးချယ်ခဲ့ခြင်းဖြစ် ကြောင်း ဖက်‌ဒရယ်ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းက ပြောသည်။
    "၁၆ ပါတီတွေ့တယ်။ NSPNC ကပေးပို့တဲ့အချက်တွေကို ဆွေးနွေးတယ်။ ဒီတစ်ကြိမ်ကို အဖွဲ့ခေါင်းဆောင်အဖြစ်  ဒေါက်တာအေးမောင်ကို ရွေးထားပါတယ်"ဟု ဦးရန်နိုင်ဝင်းက ပြောသည်။
    နိုင်ငံရေးပါတီများ အစုအဖွဲ့ကို UEC မှ မှတ်ပုံတင်ခွင့်ပြုပေးခဲ့သည့် နိုင်ငံရေးပါတီ ၄၇ ပါတီ မေလအတွင်းက နေပြည်တော်တွင် တွေ့ဆုံ‌ဆွေးပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးပါတီအစုအဖွဲ့ အဖွဲ့ဝင် ၁၆ ပါတီရွေးချယ်ခဲ့ပြီး အဆိုပါ နိုင်ငံရေးပါတီများ အစုအဖွဲ့ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၊ ပြည်သူ့ပါတီ (PP)၊ ရခိုင့်ဦးဆောင်ပါတီ(AFP)နှင့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီစသည့် နိုင်ငံရေးပါတီ လေးပါတီက ပူးတွဲဦး ဆောင်နေကြခြင်း ဖြစ်သည်။
    NSPNC ကော်မတီနှင့်  နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ပြီးခဲ့သည့် ဇွန် ၁၉ ရက်၊ ၂၀ ရက်များတွင် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြပြီး အဆိုပါ နှစ်ရက်တာ တွေ့ဆုံမှုတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှ ပြင်ဆင်ရန်သင့်သည်ဟု သုံးသပ်ယူဆရသော အချက်များ၊ ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကို  အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အထွေထွေ‌ ဆွေး နွေးချက်များအား ဆွေးနွေးညှိ နှိုင်းခြင်း၊ သဘောထားများအား  အပြန်အလှန် ဆွေးနွေးညှိနှိုင်းခြင်းနှင့် နှစ်ရက်တာ  ဆွေးနွေးပွဲ၌ နှစ်ဖက်ဆွေးနွေးချက်များအရ ရရှိလာသည့် သဘောထားများအား သဘောထားစုစည်းချက်များအဖြစ် မှတ်တမ်းတင်ခြင်းများ ပြုလုပ်ခဲ့သည်။ ယင်းတွေ့ဆုံမှုတွင် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာအောင်မြတ်ဦးက နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်း‌ဆောင်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။
ညီသစ်

Total Views ~ 176

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43814

© 2022 - 2025 News. All Rights Reserved.