Breaking

NSPNC ကော်မတီ၊ တိုင်းရင်းသားလက်နက်ကိုင်ခုနစ်ဖွဲ့နှင့် နိုင်ငံရေးပါတီအစုအဖွဲ့တို့ သုံးပွင့်ဆိုင်တွေ့ဆုံမှု ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ဆွေးနွေးရန်အစီအစဉ်ပါဝင် 

နေပြည်တော်၊ သြဂုတ် ၁၃
    အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေးကော်မတီ (NSPNC)၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (7 EAO Alliance) နှင့် နိုင်ငံရေးပါတီအစုအဖွဲ့တို့ သုံးပွင့်ဆိုင် တွေ့ဆုံမှုတွင် အထွေထွေရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ဆွေးမှုအစီအစဉ် ပါဝင်ကြောင်း စုံစမ်းသိရှိရသည်။ 
    အဆိုပါ သုံးပွင့်ဆိုင်တွေ့ဆုံမှုကို လာမည့် သြဂုတ်လ ၂၃ ရက်တွင် နေပြည်တော်၌ တွေ့ဆုံသွားမည်ဖြစ်ပြီး ယင်းသုံး ပွင့်ဆိုင်တွေ့ဆုံမှုတွင် အထွေထွေရွေး ကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ ဆွေးမှုသည် ထူးခြားသည့် အစီအစဉ်အနေဖြင့် ပါဝင်ကြောင်း နိုင်ငံရေးပါတီအစုအဖွဲ့၏ အဖွဲ့ခေါင်း ဆောင်တစ်ဦးအဖြစ် တာဝန်ယူထားသူ ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။ "ထူးခြားတာက အဲဒီသုံးပွင့်ဆိုင်တွေ့ဆုံတဲ့  Agenda ထဲမှာ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျွန်တော်တို့ဆွေး‌နွေးဖို့ ကဏ္ဍပါတယ်။ ဒါမျိုး တစ်ခါမှမပါဖူးဘူး။ ဒါက ထူးခြားတယ်။ အခြေခံဥပဒေဆိုင်ရာ ဆွေးနွေးမှုပါတယ်၊ ရွေးကောက်ပွဲကိစ္စကတော့ ပါတီတွေနဲ့ သီးသန့်ဆွေးနွေးတဲ့အထဲမှာ မပါဘူး။ ဒါပေမဲ့ EAO တွေနဲ့ ဆွေးနွေးမယ့်အထဲမှာ ရွေးကောက်ပွဲကို EAO တွေ ပါတီတွေ NSPNC နဲ့ဆွေးနွေးမယ်ဆိုတာက ထူးခြားချက်ပဲ"ဟု ၎င်းက ဆက်ပြောသည်။ 
    လက်ရှိတွင် NSPNC ကော်မတီက နိုင်ငံရေးပါတီအစုအဖွဲများထံသို့  ၂၀၀၈ ဖွဲစည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြင်ဆင်အတည်ပြုနိုင်ရေး အချက် ၂၃ ချက်ကို ပေးပို့ထားကြောင်း သိရသည်။ အဆိုပါ သုံးပွင့် ဆိုင်တွေ့ဆုံမှုမတိုင်မီ NSPNC က ပေးပို့ထားသည့် အခြေခံဥပဒေဆိုင်ရာ ပြင်ဆင် ရေးအချက် ၂၃ ချက်အား သြဂုတ် ၁၇ ရက် နှင့် ၁၈ ရက်တို့တွင် နိုင်ငံရေးပါတီ အစုအဖွဲ့များ ကနဦးသီးခြားတွေ့ဆုံ ခြင်း၊ သြ ဂုတ် ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် NSPNC နှင့် နိုင်ငံရေးပါတီအစုအဖွဲတို့သီးခြား တွေ့ ဆုံသွားခြင်းများ ပြုလုပ်ရန် အစီအစဉ်များရှိကြောင်း သိရသည်။
    "ပြီးခဲ့တဲ့ သုံး၊ လေးရက်လောက်မှာ ကြိုတင်ပြီးတော့ NSPNC ဘက်ကနေ အခြေခံဥပဒေဆိုင်ရာ ပြင်ဖို့ဆင်ဖို့ အချက် ၂၃ ချက် ပို့ထားတာရှိတယ်။ Agenda အခြေအနေ သတ်မှတ်ချက်အရကြည့်ရင် ဘယ်လိုပဲဖြစ်ဖြစ် ယူဆနိုင်တာကတော့ အဲဒီ ၂၃ ချက်သည် EAO တွေနဲ့ NSPNC နှစ်ဖက်တွေ့ပြီး သဘောတူညီဖို့က ရာခိုင်နှုန်းများတယ်။ အဲဒီ ၂၃ ချက် သူတို့ သဘောတူညီပြီးသားကို ကျွန်တော်တို့ကို ချပြမယ်ဆိုတဲ့ သဘောလို့ နားလည်းတယ်။ အဲဒါကိုလည်း ကျွန်တော်တို့ လာမယ့် ၁၇၊ ၁၈ ရက်မှာ ရန်ကုန်က NSPNC ရုံးမှာ တွေ့ပြီး ဆွေးနွေးညှိနှိုင်းကြမယ်။ သဘောထားမှတ်ချက်တွေ ပြုစုပြီးမှ ကျွန်တော်တို့ဘက်က NSPNC ဘက်ကို ပြန်ပို့ရမှာ။ ပြီးတော့ ကျွန်တော်တို့ကို EAO တွေနဲ့ သဘောတူပြီး သား မဟုတ်ဘဲ ၂၃ ချက်သော NSPNC ရဲ့ အဆိုပြုချက်အသစ်ကို ကျွန်တော်တို့ကို ပေးတာလည်းဖြစ် နိုင်တယ်။ ကျွန်တော်တို့မှာ လုံလောက်စွာ ညှိနှိုင်းပြီးမှ ပြန်ပို့ပေးဖို့ရမှာဆိုသော အချက် ၂၃ ချက်သည် EAO တွေနဲ့ ကြိုတင်သဘော တူပြီးသား ဟုတ်ခြင်း၊ မဟုတ်ခြင်းက ခန့်မှန်းချက်ပဲ ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ ၂၃ ချက်ကို ကျွန်တော်တို့ သဘောထားပေးပြီးရင် NSPNC မှာ နှစ်ဖက်တွေ့ကြမှာ ပေါ့။ ပြီးရင် အဖြေတစ်ခုရမှာပေါ့။ အဲဒီအဖြေကို ဘယ်လိုပဲဖြစ်ဖြစ် သြဂုတ် ၂၃ ရက် မှာ သုံးပွင့်ဆိုင်မှာ ညှိနှိုင်းရအောင်ဆိုတဲ့ Agenda သတ်မှတ်ချက်လို့ နားလည်ပါတယ်"ဟု ဒေါက်တာအေးမောင်က ပြော သည်။ 
    နိုင်ငံရေးပါတီအစုအဖွဲ့ကို မေလအတွင်းက ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်းအဖွဲ့တွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဒေါက်တာအောင်မြတ်ဦး၊ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့် ရခိုင့် ဦးဆောင် ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်တို့က အဖွဲ့ခေါင်းဆောင်များအဖြစ် တာဝန်ယူထားကြသည်။ ထို့အပြင် NSPNC ကော် တီ၊ နိုင်ငံရေးပါတီအစုအဖွဲ့တို့နှင့် သုံးပွင့်ဆိုင်တွေ့ဆုံမည့် 7 EAO Alliance ကို NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ခုနစ်ဖွဲ့ဖြင့် မေလအတွင်းက စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး အဆိုပါ 7 EAO Alliance မဟာမိတ်ခုနစ်ဖွဲ့တွင်  ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲချုပ် (PNLO)၊ ဒီမိုက ရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ ပါဝင်သည်။ 
ညီသစ်

Total Views ~ 182

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43823

© 2022 - 2025 News. All Rights Reserved.