၂၀၂၃ ဒီဇင်ဘာ ၁၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် MNDAA, TNLA, AA အဖွဲ့မှ တာဝန်ရှိသူများသည် နိုင်ငံရေးအရ ဖြေရှင်းရန် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ယခုလကုန်ပိုင်းတွင် ထပ်မံဆွေးနွေးသွားမည်ဟု သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
"ကျွန်တော်တို့ မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက တာ ဝန်ရှိတဲ့သူတွေနဲ့ MNDAA, TNLA, AA အဖွဲ့က တာဝန်ရှိတဲ့လူတွေဟာ တရုတ် ပြည်သူ့သမ္မတနိုင်ငံရဲ့ အကူအညီနဲ့ နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါ တယ်။ ဒီဆွေးနွေးမှုအပေါ်မှာ မူတည်ပြီး ဒီလကုန်ခန့်မှာလည်း ထပ်မံဆွေး နွေးသွားဖို့ရှိကြောင်း ပြောကြားလိုပါတယ်"ဟု နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ယခုလ ၆ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသည့် (၈)ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန် ကြီးများအဆင့် အစည်းအဝေးများ ကာလအတွင်း သီးခြားဆွေးနွေးပွဲအဖြစ် ကျောက် ယွိထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ ဒုတိယဝန် ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် အစဉ်အလာအရ တည်ရှိပြီးဖြစ်သည့် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးအား ပိုမိုခိုင်မာစေရေး၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်း အောက်မှ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ တရုတ်-မြန်မာ မီးရထားလမ်းဖောက်လုပ်ရေးနှင့် လျှပ် စစ်ဓာတ်အား ဖြန့်ဖြူးရေးကွန်ရက် တည်ထောင်ရေးအပါအဝင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းသွားရေးအပြင် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု၊ လူကုန်ကူးမှုနှင့် အွန်လိုင်းလိမ်လည်မှုများ အမြစ်ပြတ် တိုက်ဖျက်သွားရေးအတွက် နှစ်ဖက် တရားဥပဒေစိုးမိုးရေး အဖွဲ့များအကြား ပိုမိုနီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံဆက်ဆံရေးအပေါ် ထိ ခိုက်စေနိုင်သည့် သတင်းအမှားများကို ဟန့် တားထိန်းချုပ်သွားနိုင်ရန် မီဒီယာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်သွားရေးနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွား ရေးကိစ္စရပ်များ ဆွေးနွေးခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စ တာ ဝမ်ယိက မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ခိုင် မြဲမှုတို့အပေါ် အစဉ်လေးစားမှုနှင့် မြန်မာ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှု မပြုခြင်းနှင့် မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း ရွေးချယ်မှု တို့အပေါ် ထောက်ခံလျက်ရှိသည့် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ထပ်လောင်းအတည်ပြု ပြောကြားခဲ့ကြောင်း သိရသည်။