Online အသုံးပြု ငွေကြေးလိမ်လည်သူ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများ ဖမ်းဆီးရမိ

ရန်ကုန်၊ သြဂုတ် ၂၁
    မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူ တရုတ်နိုင်ငံသား လေးဦးနှင့် မြန်မာနိုင်ငံသား ၁၇ ဦးတို့အား ငွေလိမ်လုပ်ငန်း လုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်တွင် ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၈ ရက် ညနေ ၄ နာရီခွဲတွင် မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်မှန်ရပ်ကွက် ၂၇ လမ်း x ၆၅ လမ်းနှင့် ၆၆ လမ်းကြားရှိ ဒေါ်စန္ဒာ(၅၈)နှစ် (ဘ)ဦးစန်း မောင်၏ နေအိမ်၌ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများ ပူးပေါင်းကာ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် အဆိုပါနေအိမ်အား သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ကြောင်း သိရသည်။
    ရှာဖွေစစ်ဆေးခဲ့ရာ အဆိုပါနေ အိမ်အတွင်း၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူ Yanlong (၂၈)နှစ် ပါ တရုတ်နိုင်ငံသား အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦး၊ မြန်မာနိုင်ငံသား ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့နယ် ထွမ်ဆန်းရွာနေ ရဲမြင့် အသက်(၂၀) (ဘ) ဦးယောက်စွတ်ပါ အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီးခြောက်ဦး၊ နေအိမ်ပိုင်ရှင်ဖြစ်သူ ဒေါ်စန္ဒာတို့အား Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းပြုလုပ်ရာတွင် အသုံးပြုသည့် ကွန်ပျူတာလေးစုံ၊ Laptop နှစ်လုံး၊ 5BB Broad Band တံဆိပ်ပါ Wifi စက်တစ်လုံး၊ Ruijie Regee  တံဆိပ်ပါ Wifi ထပ်ဆင့်လွှင့် စက်သုံးလုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    ဖမ်းဆီးရမိသူ Yanlong ပါ တရုတ်နိုင်ငံသား အမျိုးသားသုံးဦး၊ အမျိုးသမီးတစ်ဦး၊ မြန်မာနိုင်ငံသား ရဲမြင့်ပါ အမျိုးသား ၁၀ ဦး၊ အမျိုးသမီးခြောက်ဦးနှင့် နေအိမ်ပိုင်ရှင်ဖြစ်သူ ဒေါ်စန္ဒာတို့အား ဥပဒေ နှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေ ရဲစခန်း၌ အီလက်ထရောနစ်ဆက်သွယ်ရေး ဆိုင်ရာဥပဒေပုဒ်မ ၃၃(က)/၃၈ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထူးမြတ်

Total Views ~ 291

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43814

© 2022 - 2025 News. All Rights Reserved.