နေပြည်တော်၊ သြဂုတ် ၁၃
နွားထိုးကြီး တောင်သာမြို့နယ် တိုက်ပွဲများကြောင့် မြင်းခြံမြို့ဒေသခံများ ရပ်ဝေးသို့ ပြောင်းရွှေ့ မှုများရှိလာကြောင်း ဒေသခံတချို့၏ ပြောကြားချက်အရ သိရသည်။
လတ်တလော အခြေအနေအရ မြင်းခြံမြို့ပေါ်တွင် အေးချမ်းတည်ငြိမ်မှုရှိသော်လည်း မြို့အနီးတစ်ဝိုက် ကျေးရွာတချို့တွင် မကြာခဏ တိုက်ပွဲဖြစ်ကြသည့်အတွက် ညောင်ဦး၊ ပုပ္ပါးဒေသများသို့ ပြောင်းရွှေ့မှုများရှိလာကြောင်း မြင်းခြံမြို့ ဒေသခံတစ်ဦး ကပြောသည်။
"မြင်းခြံ အခြေအနေကတော့ မဆိုးသေးဘူး။ မြို့ပေါ်အနေအထားက အခုထိတော့ ကောင်းတယ်။ မြို့ပေါ်အထိတော့ ကြီးကြီးမားမား ဖြစ်မယ်လို့ မထင်ပါဘူး။ အလစ်အငိုက်ဝင်တိုက်တာတို့၊ ဘာတို့ဖြစ်လာမှာတော့ စိုးရိမ်မိတယ်။ ဖြစ်နေတာက မြင်းခြံပတ်ပတ်လည် ရွာတွေက နဂိုကတည်းက ဖြစ်နေတာ အခုမှမဟုတ်ဘူး။ မြို့ပေါ်ကတော့ တောင်သာတို့၊ နွားထိုးတို့က အခုမှ စတာ။ နွားထိုးကတော့ ဟိုတစ်နေ့ကဖြစ်တာ၊ တောင်သာကတော့ ဒီနေ့ဖြစ်တာ။ ဖတောတို့ ဘုရားလှတို့ အဲဒီအနီး အနားမှာ ဖြစ်နေတာ။ မြင်းခြံစစ်တပ်ထဲကနေ လှမ်းပစ်တာလည်းကြားရတယ်။ မန္တလေးဘက်အထွက်မှာတော့ စစ်တပ်တော့ရှိတယ်။ မြို့ပေါ်မှာ ထွေ/အုပ်ရုံးတို့၊ ဘာတို့ရှိတော့ ဝင်တိုက်မှာ ကြောက်ကြတာ။ ဒါပေမဲ့ မြင်းခြံက ပြည်သူ့စစ်အားကောင်းတယ်။ ရပ်ကွက်တစ်ခုချင်းမှာတော့ ရှိကြတယ်။ မြို့ပေါ်ရပ်ကွက် ၂၀ရှိတယ်။ မြင်းခြံ-တောင်သာ လမ်းက အခုလောလောဆယ် ပိတ်ထားတယ်။ ရန်ကုန်ကို သွားဖို့က အခု ညောင်ဦးကို သွားလို့ရတယ်။ ညောင်ဦးဘက်က သွားချင်သွား၊ မန္တလေးဘက်က သွားချင်ရင်သွား။ ရန်ကုန်ကိုသွား တဲ့လမ်းလည်း ပိတ်ထားတယ်။ နွားထိုးဘက် ကလည်း မသွားသေးဘူးလေ။ ဟိုတစ်နေ့ကမှ ဖြစ်ထားတာ။ ပြီးတော့ မြို့ခြံမြို့ အထွက်မှာ အပင်တွေလှဲထားတာ နွားထိုးဘက်ကို လာလို့မရအောင် လုပ်ထားကြတာ။ နှစ်လမ်းရှိတာ။ တံတားဦးလမ်းကလည်း သွား လို့ရတယ်။ အဲဒီဘက်လမ်းကလည်း တစ်ခါတလေ ဓားပြတိုက်တာရှိတယ်။ တချို့က ကြောက်လို့ ညောင်ဦးတို့၊ ပုပ္ပားတို့ဘက်ကို အိမ်ငှားပြီး သွားနေကြတယ်"ဟု ၎င်းက ပြောသည်။
မြင်းခြံမြို့နယ်သည် ယခင်နိုင်ငံရေးအပြောင်းအလဲ စတင်ဖြစ်သည့်အချိန် နောက်ပိုင်းကာလမှစ၍ ပြည်သူ့စစ်အားကောင်းသည့် မြို့နယ်တစ်ခု ဖြစ်သည့်အတွက် PDF များနှင့် တိုက်ပွဲ မကြာခဏ ဖြစ်လေ့ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
မနေ့ကနဲ့ တစ်နေ့က နွားထိုးကြီးမှာ ဖြစ်တယ်။ ဒီနေ့တော့ တောင်သာရယ်၊ မြင်းခြံဘက်ကပ်ရပ် ဘုရားလှရွာတို့၊ ဘာတို့ မှာဖြစ်တော့ ဖြစ်နေကြတယ်။ မြင်းခြံမြို့ပေါ်မှာလည်း ဘာလုပ်မယ်၊ ညာလုပ်မယ်နဲ့ သတင်းတွေက ထွက်နေတယ်။ မြို့ပေါ်ကလူတွေ တော်တော်များများကတော့ ပြောင်းရွှေ့ ကုန်ကြတယ်။ ကျွန်တော်တို့လည်း ဘုန်းကြီးကျောင်းမှာ သွားနေဖို့အတွက် အစီအစဉ် ဆွဲနေကြတယ်။ လမ်းတွေက ပိတ်ထားလိုက်ပြီ။ နွားထိုးဘက် ထွက်တဲ့လမ်းလည်း ပိတ်ထားတယ်။ ရန်ကုန်ဘက်ထွက် လမ်းကိုလည်း ပိတ်ထားလိုက်ပြီ။ နွားထိုးကတော့ အခု ငြိမ်သွားပြန်တယ်။ မြင်းခြံကလည်း နီးနေတော့ ဖုန်းဆက်ပြီးပြော ကြဆိုကြရှိတယ်။ အခုကျတော့ မြင်းခြံ သံမဏိစက်ရုံနားမှာ ဖြစ်နေတယ်။ သံမဏိ စက်ရုံ ကပ်ရပ်ရွာတွေမှာ ဖြစ်နေတာ။ မြင်းခြံမြို့ပေါ်နဲ့က လေးမိုင် လောက်ပဲဝေးတယ်။ လမ်းကြောင်း ပိတ်ထား တယ်ဆိုတာ ယာယီဖြစ်မှာပါ။ လူတွေကတော့ ကြောက်ကြလန့်ကြတယ်။ ဖြစ်ရင် လည်း အစွန်အဖျားတွေလောက်ပဲ ဖြစ်မယ်ထင်တယ်။ တိုက်ကြခိုက်ကြတယ်ဆိုတာ အစွန်အဖျားတွေမှာပဲ ဖြစ်တာများတယ်။ မြို့ပေါ်မှာတော့ မဖြစ်လောက်ပါဘူး။ လူတွေ ကတော့ ကြောက်နေကြတယ်။ ရွာတွေမှာက သိတဲ့အတိုင်းပဲ ရန်ငြိုးရန်စတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် မတည့်တာတွေနဲ့။ သူ့ကို ကိုယ်ကလုပ်၊ ကိုယ့်ကို ပြန်လုပ် အဲဒီလို ဖြစ်နေကြတာ။ ရွာကလူတွေလည်း မြို့ပေါ် တက်လာကြတယ်။ ပစ်တဲ့ခတ်တဲ့ အသံတွေတော့ ကြားနေရတယ်"ဟု ၎င်းက ပြောသည်။
မန္တလေးတိုင်း တောင်သာမြို့နယ်တွင် သြဂုတ် ၁၂ ရက် မနက်အစောပိုင်း ကစ၍ တိုက်ပွဲပြင်းထန်နေပြီး တောင်သာမြို့နယ်ရှိ အစိုးရပိုင် အမှတ်(၁၀) အထည် ချုပ်စက်ရုံ(စွပ်ကျယ်စက်ရုံ)နှင့် တောင်သာ-မိတ္ထီလာလမ်းပိုင်းမှာရှိ ဓာတ်ငွေ့ပိုက်လိုင်း စက်ရုံရှိ နစကတပ်ဖွဲ့ဝင်များကို နယ်မြေခံ PDF အကြမ်းဖက်များ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခြင်းဖြစ် ကြောင်း ပြည်တွင်းသတင်းများအရ သိရသည်။
အလားတူ သြဂုတ် ၁၁ ရက်က နွားထိုးကြီးမြို့ပေါ်တွင် ဖြစ်ပွားခဲ့သည့်တိုက် ပွဲကြောင့် အစိုးရ ဌာနဆိုင်ရာ ရုံးအချို့မီးလောင်ပျက်စီးခဲ့ရပြီး KBZ ဘဏ်လည်းထိခိုက် ပျက်စီးမှုရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် နွားထိုးကြီး-မြင်းခြံ-တောင်သာ လမ်းကို PDF အကြမ်းဖက်များက ယာယီ ပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
ကွန်းဈာန်